ပြည်ပသတင်းများ

ဩစတြေးလျ လယ်ယာထွက်ကုန်ထုတ်လုပ်မှု စံချိန်သစ်တင်

ဩစတြေးလျနိုင်ငံ၏ လယ်ယာထွက်ကုန် ထုတ်လုပ်မှုမှာ ယခုနှစ်တွင် စံချိန်သစ် တင်နိုင်မည့် အနေအထားဖြင့် အေဒေါ်လာ ၆၆.၃ ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိ ရပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် လယ်ယာထွက်ကုန် တင်ပို့မှုမှာ အေဒေါ်လာ ၄၇ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အေဒေါ်လာ ၅၀ ဘီလီယံ တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။ လယ်ယာထွက်ကုန် စံချိန်တင် ထုတ်လုပ်နိုင်မှုနှင့် စပ်လျဉ်း၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီးက  လယ်ယာထွက်ကုန် ထုတ်လုပ်မှုကဏ္ဍအတွက် ကြီးမားလှသည့် ရလဒ်ကောင်းဖြစ်ပြီး၊ နိုင်ငံ၏ စီးပွားရေးအတွက် လယ်ယာထွက်ကုန်ကဏ္ဍ၏ အရေးပါမှု ကိုမီးမောင်းထိုးပြနိုင်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသမားများ၊ ငါးဖမ်းသူများ နှင့်သစ်တော လုပ်ကိုင်သူများမှာ ကိုဗစ်ကူးစက်ရောဂါကို တွန်းလှန်၍ ထုတ်လုပ်မှုတိုးတက် လာပြီး အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါ စိုက်ပျိုးမွေးမြူသူများမှာ နိုင်ငံတကာရှိ ဈေးကွက်အသစ်များရှာဖွေခြင်းနှင့် ထုတ်လုပ်မှု အခြေစိုက်နေရာများကို ပြောင်းလဲထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ အစိုးရ၏ ယူကေနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်ဆိုင်ရာ ကြေညာ ချက်နှင့်အတူဩစတြေးလျ စိုက်ပျိုးမွေးမြူသူများသည်၎င်းတို့၏ အကောင်းဆုံးသော အစား အသောက်များနှင့် ချည်မျှင်များအတွက် နောက်ထပ်ဈေးကွက်အသစ်တစ်ခု ရရှိသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဒုတိယအကြီးဆုံးဆောင်းသီးနှံကို စံချိန်တင် ရိတ်သိမ်းခဲ့ပြီးနောက် ကောက်ပဲသီးနှံ တင်ပို့မှုမှာ မျှော်မှန်းထားသည်ထက် များစွာတိုးတက်လာပြီး၊ အထူးသဖြင့် ဂျုံ၊ မုယောစပါးနှင့် ကာနိုလာတင်ပို့မှုတို့မှာ လွန်စွာတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။ အစိုးရမှာ စိုက်ပျိုး မွေးမြူသူများကို အပြည့်အဝအထောက်အပံ့ပေးလျက်ရှိပြီး၊ ယခုနှစ်ဘတ်ဂျက်တွင် ဇီဝလုံခြုံ ရေး ပိုမိုအားကောင်းလာစေရေးအတွက် အေဒေါ်လာ သန်း ၄၀၀ ကျော်၊ စိုက်ပျိုးမွေးမြူရေး လုပ်သားအင်အားတိုးမြှင့်နိုင်ရေးအတွက် အေဒေါ်လာ ၂၉.၈ သန်းနှင့် ဈေးကွက်ဝင်ခွင့်အတွက် အေဒေါ်လာ ၁၅ သန်းကို ထပ်မံခွဲဝေလျာထားပါသည်။ ယခုရလဒ်များမှာ စိုက်ပျိုးရေးလုပ်ငန်း ကို ကျောထောက်နောက်ခံပြု၍ ၂၀၃၀ ပြည့်နှစ်တွင် အေဒေါ်လာ ၁၀၀ ဘီလီယံ ထုတ်လုပ်ရန် ရည်မှန်းထားသော အစိုးရ၏ Ag2030 အစီအစဉ်အတွက် အပြုသဘောဆောင်သည့် အချက် ပြမှုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် လယ်ယာထွက်ကုန် တင်ပို့မှုကို အေဒေါ်လာ ၄၉.၇ ဘီလီယံအထိ တိုးတက်လာမည်ဟု  ခန့်မှန်းထားပြီး၊ အမဲသား၊ သိုးမွှေးနှင့် နို့ထွက်ပစ္စည်း တင်ပို့မှုမြင့်မားလာနိုင်ခြင်းနှင့်အတူ ကိုဗစ်အလွန် ချည်တင်ပို့မှု သိသိသာသာ ပြန်လည်မြင့် တက်လာ နိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

www.minister.awe.gov.au

Loading