ပြည်ပသတင်းများ

ဂျာမနီနိုင်ငံ စီးပွားရေးသုံးသပ်ချက်နှင့် ကုစားနိုင်မှုအခြေအနေ

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ဂျီဒီပီသည် ၅ရာခိုင်နှုန်းအားဖြင့် ကျဆင်းခဲ့ပြီး တတိယလေးလပတ်တွင်ပြန်လည်ကုစားနိုင်မှုရှိခဲ့သည်။ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှစ၍ lockdown ကာလများ ချမှတ်ခဲ့ရပြီး စတုတ္ထလေးလပတ် ကာလတွင် စီးပွားရေးတုန့်ဆိုင်းခြင်းသို့ ရောက်ရှိခဲ့ပြန်ရာ တစ်နှစ်ပတ်လုံးအနေဖြင့် ၄.၈ ရာခိုင်နှုန်းကျဆင်း မှုရှိခဲ့သည်။ ၂၀၂၁ခုနှစ် ပထမလေးလပတ်ကာလတွင် စီးပွားရေးတိုးတက်မှု နှုန်း ၁.၇ ရာခိုင်နှုန်း ပြန်လည်ရရှိခဲ့သည်။

  • ထုတ်လုပ်မှု၊ပို့ကုန်နှင့်သွင်းကုန်အခြေအနေ

ပို့ကုန်ပိုင်းတွင် ရင်းနှီးကုန်ပစ္စည်းထုတ်လုပ်မှုမှပို့ကုန်များကို များစွာအားထားမှုရှိခဲ့ရာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် ထိခိုက်မှုများရှိခဲ့မှုနှင့်ရင်းနှီးမြှုပ်နှံမှု ကျ ဆင်းမှုတို့ကြောင့် စီးပွားရေးထိခိုက်နစ်နာမှုများ တွေ့ကြုံခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်မှာ – ၉.၄ ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီး သွင်းကုန်မှာ – ၈.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ နှစ်လယ်ပိုင်းလောက်မှစ၍ပို့ကုန်ပိုင်းတွင် ပြန်လည်ဦးမော့လာနိုင်ပြီး ဆက်လက်တိုးတက်မှု ရှိလာရန် ဦးတည်ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွက် ပို့ကုန် ၁၀.၄ ရာခိုင်နှုန်း နှင့် သွင်းကုန် ၇.၉ ရာခိုင်နှုန်းတိုးတက်မှုရရှိရန် ဦးတည်ချက်ထားရှိပါသည်။ lockdown ကာလအတွင်း စက်မှု လုပ်ငန်းထွက်ကုန်များသည် semiconductor components ကဲ့သို့သော ပစ္စည်းများကုန်ကြမ်း ပြတ်လပ်မှုများကြုံတွေ့ရပြီး အော်ဒါအသစ်များရရှိမှုကြောင့် များစွာထိခိုက် နစ်နာမှုမရှိခဲ့ဘဲ ယခု အခါ ကပ်ရောဂါမဖြစ်ခင်ကာလအခြေအနေသို့ပြန်လည် ရောက်ရှိလာကြောင်း၊  ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရာသီဥတုကြမ်းတမ်းမှုကြောင့် အခက်အခဲများရှိခဲ့ကြောင်း၊ မြူနီစပယ်လုပ်ငန်း များ၏ဝင်ငွေတွင် များစွာထိခိုက်နစ်နာမှုရှိခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အွန်လိုင်း ရောင်း ဝယ်မှုများနှင့် delivery အော်ဒါလုပ်ငန်းများ ဝင်ငွေရရှိမှု တက်လာသော်လည်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချလုပ်ကိုင်သူများဝင်ငွေထိခိုက်မှုရှိကြသည်။ ဂျာမနီနိုင်ငံသည် နည်းပညာနှင့်အင်ဂျင်နီ ယာအတတ်ပညာပိုင်းတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်သော်လည်း ဒစ်ဂျစ်တယ်နည်းပညာ ကူးပြောင်း အသုံးပြုမှုပိုင်းတွင် နောက်ကျကျန်ခဲ့မှုများရှိခဲ့ရာ Broadband Network များ၏ အ မြန်နှုန်း၊ မိုဘိုင်းဒေတာ အသုံးပြုမှုနှင့် ချိတ်ဆက်မှု အမြန်နှုန်းများတွင် နှေးကွေးမှုများရှိနေ သည်။ ကိုဗစ်ကပ်ရောဂါကာလအတွင်း  ဒစ်ဂျစ်တယ် နည်းပညာ၏ အရေးပါလာမှုကြောင့် ဦး စားပေးအနေနှင့် တွန်းအားပေးလျှက်ရှိပြီး အခြေခံအဆောက်အဦပိုင်း ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် များကိုဆောင်ရွက်လျှက်ရှိသည်။ ထို့အတူ စွမ်းအင်ထုတ်လုပ်သုံးစွဲမှုပိုင်းတွင်လည်း အပြောင်း အလဲများရှိလာပြီး အခြေခံအဆောက်အအုံပိုင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် လိုအပ်လျှက်ရှိသည်။

  • ဘဏ္ဍာရေးကဏ္ဍနှင့်အခြားစီးပွားရေးညွှန်းကိန်းများ

ဘဏ္ဍာရေးလိုငွေပြမှုမှာ ၂၀၂၀ပြည့်နှစ်တွင် ဂျီဒီပီ၏ ၄.၂ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး  ၂၀၂၁ခုနှစ်တွင် ကာကွယ်ဆေးထိုးနှံမှုများနှင့် စီးပွားရေးပိုင်းပံ့ပိုးမှုများပြုလုပ်ပေးရန် ရှိနေသော ကြောင့် ၇.၂ ရာခိုင်နှုန်းတွင်ရှိနေရန်ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် ၂.၅ ရာခိုင်နှုန်းသို့ လျော့ကျ လာစေရန် ရည်မှန်းဆောင်ရွက်လျှက်ရှိသည်။ ပြည်သူ့ကြွေးမြီမှာ ဂျီဒီပီ၏ ၇၃.၉ ရာခိုင်နှုန်းရှိခဲ့ သည်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းမှာ ၄.၂ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး အလုပ်လက်မဲ့ဦးရေ တက်မ လာစေရန်အတွက် အစိုးရက short time work scheme  အစီအစဉ်များ  ပြုလုပ်၍ ထောက်ပံ့မှု ပြုလုပ်ပေးခဲ့သည်။ အိမ်ထောင်စုများ၏ စုစုပေါင်းစုဆောင်းမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် အတွင်း ၂၃.၅ ရာခိုင်နှုန်းသို့ တိုးတက်ခဲ့ပြီး ဆက်လက်တိုးတက်ရရှိရန်မျှော်မှန်းထားသည်။ ငွေကြေး ဖောင်းပွမှုနှုန်းကို ၂၀၂၁ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း ရောက်ရှိရန် မျှော်မှန်းထားပါသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ကပ်ရောဂါကာလ မတိုင်မီ စီးပွား ရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်နှင့် တိုးတက်မှုနှုန်း ၃.၅ ရာခိုင်နှုန်း ရရှိရန်၊ ၂၀၂၂ ခုနှစ် တွင် တိုးတက်မှုနှုန်း ၄ ရာခိုင်နှုန်းခန့်ရရှိရန် ဦးတည်ချက်ထားရှိပါသည်။

  • ပံ့ပိုးဆောင်ရွက်ပေးမှုအခြေအနေ

ဖက်ဒရယ်အစိုးရအနေဖြင့် Fiscal policy ပိုင်းအရ expansionary Fiscal policy ကို ကျင့်သုံးခဲ့ပြီး စီးပွားရေးကုစားမှုရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကျန်းမာရေးစနစ်စွမ်း ဆောင်ရည်ကို တွန်းအားပေးမြှင့်တင်ခဲ့ပြီး တစ်ဖက်တွင်လည်း ဝယ်ယူစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံ မှုပိုင်းတို့တွင် ပြန်လည်ဦးမော့လာစေရန် အစီအစဉ်များချမှတ်၍ ဆောင်ရွက်ပေးလျှက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်အတွင်း စုစုပေါင်း ယူရို ၁၄၀ ဘီလီယံကို stimulus package များ ချမှတ်၍ ပံ့ပိုး ပေးခဲ့သည်။ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုပိုင်းကို ၂၀၁၄ ခုနှစ်မှစတင်၍ တိုးမြင့်ဆောင်ရွက်ခဲ့ရာ ပို့ ဆောင်ရေးကဏ္ဍတွင် ဓါတ်ငွေ့ထုတ်လွှင့်မှုလျော့ချရေး၊ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲတိုးမြင့် ဆောင်ရွက်ရေး၊ လူနေအိမ်ယာများတည်ဆောက်ရေး၊ ကလေးသူငယ်ပညာရေး၊ လျှပ်စစ်ဓါတ် အားကွန်ယက်နှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင် ရွက်လျှက်ရှိသည်။ ကာကွယ်ဆေးထိုးနှံမှုများမြင့်တက်လာကာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ သွားလာနေထိုင်မှုစနစ်များတွင် ဖြေလျော့မှုများရှိလာပြီး ပို့ကုန်ပိုင်းတွင်လည်း ဆက်လက် တိုး တက်မှုရရှိရန် မျှော်လင့်ထားရှိသည်။ ပြည်သူများ၏ သုံးစွဲမှုများမြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံမှု များတိုးတက်လာဖွွယ်ရှိပါသည်။

အစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိခိုက်မှုအပေါ်တုန့်ပြန်ဆောင်ရွက်ချက်များသည် ကျန်းမာရေးကဏ္ဍ၊ အလုပ်အကိုင်ရရှိမှုနှင့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးပံ့ပိုးပေးခဲ့ပြီး ဝယ် ယူစားသုံးမှုကဏ္ဍကို ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်။ ထို့နောက် ဒစ်ဂျစ်တယ်စနစ် ကူးပြောင်း ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာပို့ဆောင်ရေးနှင့် အစိမ်းရောင်စွမ်းအင် ထုတ်လွှတ်ရေးတို့ တွင်အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယင်းလုပ်ငန်းများအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတိုးချဲ့ပံ့ပိုး ပေးခဲ့သည်။ အလုပ် သမားများ ဝင်ငွေခွန်လျော့ချပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အခွန်အခများတိုးမြှင့် ကောက်ခံခဲ့ပါသည်။

  • ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှင့်ကာကွယ်နိုင်မှုအခြေအနေ

ဂျာမနီနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူ  စုစုပေါင်း (၃,၆၇၃,၉၆၉) ဦး၊ သေဆုံးသူ (၈၈,၆၈၉)ဦး၊ ပြန်လည်ကျန်းမာလာသူ (၃,၄၆၁,၇၀၀)ဦး၊ လက်ရှိရောဂါဖြစ်ပွားနေသူ(၁၂၃,၅၈၀)ဦး ရှိပါသည်။ ဂျာမနီနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှ စတင်၍ အသက်အပိုင်းအခြားအလိုက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ ၂၀၂၁ ခုနှစ် မေလလယ်လောက်တွင် လူဦးရေသန်း(၃၀)ကျော် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံ ပြီးဖြစ်ပါသည်။ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ နောက်ပိုင်းမှ စတင်၍ အသက်အပိုင်းအခြားမရွေး ထိုးနှံခြင်းအစီအစဉ်ကို စတင်တော့မည် ဖြစ်ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် နွေရာသီ ခရီးသွားရာသီအတွက် ဖြေလျော့မှုများ စတင်ပေးလျှက်ရှိရာ နိုင်ငံ တွင်းဝင်ရောက်လာမည့်ခရီးသွားများအနက် ကာကွယ်ဆေးထိုးနှံပြီးသူများအား ကွာရန်တင်းဝင် ရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုရန်နှင့် ဗိုင်းရပ်စ်ပိုးအသစ်တွေ့ရှိဖြစ်ပွားနေသော နိုင်ငံများမှဝင် ရောက်လာသူများကိုသာ ကွာရန်တင်း ဝင်ရောက်ရန် ထုတ်ပြန်ထားရှိသည်။ အီးယူပါလီမန်က နွေရာသီခရီးသွားကာလအတွင်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်များဖြင့် ခရီးသွားလာခွင့်ပြုရေးအတွက် ဆွေးနွေးညှိနှိုင်းလျှက်ရှိပါသည်။

ဂျာမနီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း WHO ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ယူရို ၉၀၀သန်းခန့် ထည့်ဝင်မှုရှိခဲ့ပြီး ဘာလင်မြို့တွင် WHO ၏ အစောပိုင်း သတိပေး ထုတ်ပြန်ချက်ဗဟိုဌာန(WHO pandemic early warning centre)ကို တည်ဆောက် နေမှုတွင်လည်း ယူရို ၃၀ သန်း ထည့်ဝင်ထားပါသည်။ ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ပူးတွဲ ထုတ်လုပ်သည့်   Pfizer- Biontech ကာကွယ်ဆေးကို ထုတ်လုပ်သူများက ဆင်းရဲသော နိုင်ငံ များအတွက် ယခုနှစ်နှင့် နောင်နှစ်တွင်ကာကွယ်ဆေးလုံးရေ ၂ဘီလီယံထုတ်လုပ် ဖြန့်ဖြူးပေးရန် စီစဉ်လျှက်ရှိပြီး လက်ခံရရှိမည့်နိုင်ငံများအနေဖြင့် ထုတ်လုပ်မှုစရိတ်ကျခံခြင်း သို့မဟုတ် သက် သာသော ဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိခြင်းတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ဂျာမနီနိုင်ငံ Biontech ကုမ္ပဏီအနေဖြင့် မူလထုတ်လုပ်ရန်လျာထားသည့် ကာကွယ်ဆေးလုံးရေ ၁.၃ ဘီလီ ယံမှ ၃ ဘီလီယံသို့ တိုးမြှင့်ထုတ်လုပ်မည်ဖြစ်ပြီး ၄င်း၏ ၄၀ ရာခိုင်နှုန်းကို ဝင်ငွေအလယ် အလတ် နှင့်နိမ့်ကျသော နိုင်ငံများသို့ရောက်ရှိစေရန် ရည်မှန်းထားသည်။ Biontech ကုမ္ပဏီ သည် စင်္ကာပူနိုင်ငံတွင် ရုံးခွဲတည်ထောင်၍ ကာကွယ်ဆေးထုတ်လုပ်ရန်သဘောတူ ဆောင်ရွက် ထားရှိပြီး လာမည့် ၉ လမှ ၁၂ လအတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။

Sources:https://ec.europa.eu/economy_finance/forecasts/2021/spring/ecfin_forecast_spring_2021_de_en.pdf

https://www.bmwi.de/Redaktion/EN/Dossier/economic-development.html

https://www.oecd.org/economy/germany-economic-snapshot/

https://www.deutschland.de/en/news/coronavirus-in-germany-informations

သီတာဝင်းဌေး၊ စီးပွားရေးသံမှူး

ဘာလင်

Loading