ပြည်ပသတင်းများ

Brexit အလွန် ပထမလတွင် ဗြိတိန်နိုင်ငံ၏ စားသောက်ကုန် တင်ပို့မှု (၇၅) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗြိတိန်နိုင်ငံမှ အီးယူသို့ စားသောက်ကုန်နှင့်အဖျော်ယမကာ (food and drink) တင်ပို့မှု (၇၅) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗြိတိန်နိုင်ငံ၊ စားသောက်ကုန်နှင့် အဖျော်ယမကာအသင်းချုပ် (Food and Drink Federation) မှ ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဗြိတိန်မှ အီးယူသို့ တင်ပို့မှုတန်ဖိုး စတာလင်ပေါင် (၁) ဘီလီယံမှ ယခုနှစ်၊ အလားတူကာလတွင် စတာလင်ပေါင် (၂၅၆.၄) သန်းသို့ ကျဆင်းခဲ့သည်။ ဗြိတိန်နိုင်ငံမှ အိုင်ယာလန်၊ ဂျာမနီနှင့် အီတလီနိုင်ငံများသို့ တင်ပို့မှုတွင် (၈၀) ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ အထူးသဖြင့် ဆော်လ်မွန်ငါး တင်ပို့မှု (၉၈) ရာခိုင်နှုန်းနှင့် အမဲသားတင်ပို့မှု (၉၁) ရာခိုင်နှုန်းတို့ဖြင့် ကျဆင်းခဲ့ပြီး၊ ဝီစကီတင်ပို့မှုသည် စတာလင်ပေါင် (၁၀၅.၄) သန်းမှ (၃၈.၉) သန်းသို့ (၆၃) ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အလားတူငါးလုပ်ငန်းကဏ္ဍမှ ပို့ကုန်တင်ပို့မှုသည်စတာလင်ပေါင် (၂၅.၂) သန်းမှ (၅.၃) သန်းသို့ ကျဆင်းခဲ့ပြီး၊ ဗြိတိန်နှင့် အီးယူကုန်သွယ်မှုတွင် စာရွက်စာတမ်းလိုအပ်ချက်များအရ နှောင့်နှေးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် တစ်ရက်လျှင် စတာလင်ပေါင် (၁) သန်းခန့် ဆုံးရှုံးမှု ရှိကြောင်းသိရသည်။ ဗြိတိန်ခွဲထွက်မှုကိစ္စရပ် အကူးအပြောင်းကာလမတိုင်မီက အီးယူရှိ ဗြိတိန် စီးပွားရေးလုပ်ငန်းများက ကုန်စည်များ ကြိုတင်စုဆောင်းထားမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုတို့သည် ပို့ကုန်ကျဆင်းမှု၏ အကြောင်းအချက်များဖြစ်နိုင်သည်။ အဓိကအားဖြင့် ဗြိတိန်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်မဟုတ်သည့် အတားအဆီးများ (non-tariff barriers) ကို ရင်ဆိုင်ရခြင်းကြောင့်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၊ စားသောက်ကုန်နှင့် အဖျော်ယမကာ အသင်းချုပ်က ဆိုသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး ကန့်သတ်ချက်များအရ စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ ပိတ်သိမ်းထားရခြင်းကြောင့် ဗြိတိန်နိုင်ငံမှ အီးယူသို့ စားသောက်ကုန်တင်ပို့မှု ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။ ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် စားသုံးမှုပိုင်းထိခိုက်မှုရှိခဲ့သဖြင့် ဗြိတိန်နိုင်ငံမှ ကမ္ဘာ့နိုင်ငံ များသို့ စားသောက်ကုန်နှင့် အဖျော်ယမကာတင်ပို့မှုသည်လည်း (၁၁) ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဗြိတိန်နိုင်ငံအမျိုးသားစာရင်းအင်းရုံး (Office for National Statistics-ONS) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ဗြိတိန်မှ အီးယူသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် (၄၀.၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရသည်။

ရင်းမြစ် –  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မိ

Loading