ပြည်ပသတင်းများ

အိန္ဒိယနှင့် ခရိုအေးရှား ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိနေ

အိန္ဒိယနှင့် ခရိုအေးရှား နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ခရီးသွား မြှင့်တင်ရေးလုပ်ငန်းများဖြင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိနေကြောင်း၊ အထူးသဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးတက်လိုကြောင်း ခရိုအေးရှား နိုင်ငံ၏ Place2Go ခရီးသွားမဂ္ဂဇင်းအရ သိရှိရသည်။ ခရိုအေးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိနေကြောင်း၊ နှစ်နိုင်ငံအကြားခရီးသွား ပူးပေါင်း ဆောင်ရွက်မှုအစီအမံများ ချမှတ်နိုင်ရေးအတွက် ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ယခုကာလ သည် အချိန်အခါကောင်းဖြစ်သည်ဟု ခရိုအေးရှားနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Raj Kumar Srivastava က ပြောကြားကြောင်း သိရသည်။

ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းကဏ္ဍတွင် ခရိုအေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၁၉ ခုနှစ်အဆင့်၏ (၆၅) ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး၊ ပြည်တွင်း ခရီးသွားများကြောင့် ဂျီဒီပီတွင် ပါဝင်မှုအချိုးမှာ မူကွာဟချက်မရှိဘဲ () ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ဆိုင်းငံ့ထားရပြီး၊ ခက်ခဲ သည့် ကပ်ရောဂါကာလအချိန်အတွင်း၌ပင် အိန္ဒိယနှင့် ခရိုအေးရှားနှစ်နိုင်ငံအနေဖြင့် Place2Go ခရီးသွားမဂ္ဂဇင်းတွင် ဖော်ပြခြင်းကဲ့သို့သော ခရီးသွားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဟုဆိုသည်။ နှစ်နိုင်ငံအကြားလူဉီးရေအရွယ်အစားနှင့် ဘဝနေထိုင်မှုပုံစံကွဲပြား ပြီး၊ မတူညီသည့် တိုက်ကြီးများတွင် တည်ရှိသော်လည်း တစ်နိုင်ငံစီရှိဒေသများသည် ခရီးသွား ပြည်သူများကို အတွေ့အကြုံသစ်များ ပေးစွမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ခရိုအေးရှားနိုင်ငံ၊ ခရီးသွားနှင့်အားကစားဝန်ကြီးဌာန၏ State-Secretary ဖြစ်သူ TončiGlavina က ပြောကြားခဲ့သည်။

ခရီးကွာဝေးသည့်နေရာဒေသများသို့ အလည်အပတ်သွားလာမှုများကို မကြာမီကာလ တွင် ပြန်လည်ဆောင်ရွက်နိုင်ရန်နှင့် ခရိုအေးရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် TončiGlavina ကမျှော်လင့်ထားသည်။ ယင်းမှတစ်ဆင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာအသစ်တစ်ရပ်အတွက် ပြင်ဆင်နိုင်မည်ဟု ၎င်းကဆိုသည်။ ကပ်ရောဂါ အခြေအနေများ ထိန်းချုပ်နိုင်ခဲ့ပါက Place2Go ခရီးသွားမဂ္ဂဇင်းအနေဖြင့် လာမည့် မေလလယ် တွင် ပုံမှန်ကျင်းပနေကျဖြစ်သည့် Place2Go ခရီးသွားလုပ်ငန်းပြပွဲကို ကျင်းပနိုင်ရန် မျှော်လင့် ထားပြီး၊ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းများက ပါဝင်ပြသမည်ဟု သိရသည်။ ကပ်ရောဂါ မတိုင်မီကာလ ၂၀၁၉ ခုနှစ်တွင် ခရိုအေးရှားနိုင်ငံသည် အိန္ဒိယခရီးသွားများထံမှ ဝင်ငွေရရှိမှု တိုးတက်ခဲ့ပြီး၊ အိန္ဒိယကမ္ဘာလှည့်ခရီးသည် (၇၀၀၀၀) လာရောက်လည်ပတ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် ခရိုအေးရှားနိုင်ငံသို့ အိန္ဒိယခရီးသွားလာရောက်မှုသည် (၃၀၀၀) သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

 

ရင်းမြစ် –  (Total Croatia News)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မိ

Loading