ပြည်ပသတင်းများ

နှစ်နိုင်ငံသဘောတူညီချက်ဖြင့် မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများ တင်သွင်းရာ၌ လိုက်နာရန် လုပ်နည်းစနစ်များကို အိန္ဒိယ အစိုးရက ထုတ်ပြန်ခဲ့မှု တင်ပြခြင်း

အိန္ဒိယနိုင်ငံအစိုးရသည် မိုဇမ်ဘစ်နိုင်ငံနှင့် ချုပ်ဆိုထားရှိသည့် နှစ်နိုင်ငံအကြား ပဲမျိုးစုံ ဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်သက်တမ်းတိုးမြှင့်ခဲ့ရာ မိုဇမ်ဘစ်နိုင်ငံမှ ပင်ရင်းအဖြစ် ထွက်ရှိသော ပဲစင်းငုံ တန်ချိန် ၂ သိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တင်သွင်း မည်ဖြစ်ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံ တန်ချိန် ၂ သိန်းအား ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း တင်သွင်းရာ၌ အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည် ဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန (DGFT) က ၁၉-၃-၂၀၂၁ နေ့၌ အများပြည်သူဆိုင်ရာ အသိပေးချက် No.44/2015-20 ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည် –

(က)     ပဲများအား Mumbai, Tuticorin, Chennai, Kolkata, Hazira ဆိပ်ကမ်း ၅ ခုမှသာ တင်သွင်းရန်၊

( ခ )    တင်သွင်းလာမည့် ပဲများအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin-COO) ထုတ်ပေးရာ၌ မိုဇမ်ဘစ်နိုင်ငံအစိုးရမှ ထုတ်ပေးသည့် တံဆိပ် အမှတ်အသား ခတ်နှိပ်မှုနှင့်အတူ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်သော ICM (Instituto de Cereasi de Mocambique) ဌာနမှ တာဝန်ရှိသူ၏ လက်မှတ် ပါရှိရမည်ဖြစ်ပြီး အပိုဒ်ခွဲ (က) ပါ ဆိပ်ကမ်းများရှိ သက်ဆိုင်ရာ အကောက်ခွန် ဌာနနှင့် အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) တို့ထံ မိတ္တူပေးပို့ရန်၊

( ဂ )    ပဲတင်ပို့သည့် မိုဇမ်ဘစ်ပို့ကုန်လုပ်ငန်းရှင်၊ အိန္ဒိယနိုင်ငံဘက်မှ သွင်းကုန်လုပ်ငန်း ရှင်နှင့် တင်ပို့သည့် ပဲတန်ချိန်ပမာဏ စသည့်အချက်အများနှင့်အတူ အဆိုပါ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်၏ ဓာတ်ပုံမိတ္တူအား မူလထုတ်ပေးသည့် မိုဇမ်ဘစ်အာဏာပိုင်အဖွဲ့ထံမှ အိန္ဒိယ DGFT ဌာနက သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာများသို့ တိုက်ရိုက်ပေးပို့ရန်။

(ဃ)     အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းစဉ် အတွက် ကန့်ကွက်ရန် မရှိကြောင်း လက်မှတ် (NOC) လျှောက်ထားရာ၌ အထက်အပိုဒ်ခွဲ (ဂ)ပါ လုပ်ငန်းစဉ်ကဲ့သို့ COO ဓာတ်ပုံမိတ္တူအား DGFT သို့ သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာမှတစ်ဆင့် ပေးပို့ရန်နှင့် DGFT က တိုက်ဆိုင် စစ်ဆေးပြီးနောက် ခွင့်ပြုချက်ရရှိမှသာ သက်ဆိုင်ရာဆိပ်ကမ်းရှိ အကောက်ခွန် ဌာနက ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ရန်။

အထက်ပါ အများပြည်သူဆိုင်ရာ အသိပေးချက်သည် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ အရ မိုဇမ်ဘစ်နိုင်ငံထံမှ တင်သွင်းမည့် ပဲစင်းငုံ တန်ချိန် ၂ သိန်းနှင့်သာ သက်ဆိုင်မှုရှိမည်ဖြစ် ကြောင်း DGFT  ဌာနက ဖော်ပြပါသည်။

သို့ပါ၍ နှစ်နိုင်ငံချုပ်ဆိုထားရှိသည့် နားလည်မှုစာချွန်လွှာအရ မိုဇမ်ဘစ်နိုင်ငံမှ ပဲစင်းငုံ တန်ချိန် ၂ သိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တင်သွင်းရာ၌ လိုက်နာရမည့် လုပ်နည်းစနစ် များအား အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့မှု သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Loading