ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ပဲမျိုးစုံ

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ (သင်္ဘောတင်) နှင့် ပဲစင်းငုံ (သင်္ဘောတင်) မှာ ပဲသစ်အချို့ ဈေးကွက်သို့ စတင်ဝင်ရောက်လာခြင်း၊ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုမရှိသေးသော်လည်း ပြည်တွင်းလှောင်လက်များမှ ဝယ်ယူမှုရှိခြင်း၊ ကိုဗစ် (၁၉) ဆိုင်ရာ အကန့်အသတ်များရှိခြင်း ကြောင့် ဈေးကွက်သို့ ပဲဝင်ရောက်မှုနည်းခြင်း စသည့်အခြေအနေများကြောင့် မတ်ပဲ (သင်္ဘောတင်) နှင့် ပဲစင်းငုံ (သင်္ဘောတင်) များ  ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၉၅၂,၅၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ် ဈေးနှုန်းမှာ (၉၈၂,၅၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။ ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၇၁၇,၀၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၇၄၇,၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။ ယခုရက်သတ္တပတ်အတွင်း နှစ်သစ်ကူးပိတ်ရက်များရှိခဲ့ခြင်းကြောင့် ကုန်စည်ဒိုင်ဖွင့်ရက် (၃) ရက် ရှိခဲ့ပြီး ပြည်ပဝယ်လက်များမှ ဝယ်ယူမှု မရှိသလောက်နည်းခဲ့ ကြောင်းနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုမရှိခဲ့ကြောင်း သိရှိရပါသည်။ ပဲတီရွှေဝါမှာ ဈေးကွက် သို့ ပခုက္ကူ၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ပဲသစ် ဝင်ရောက်မှုများခြင်း၊ လတ်တလောတွင် တရုတ် နယ်စပ်သို့ တင်ပို့ရန် ကားခဈေးမြင့်နေခြင်းကြောင့် ဝယ်လက်များမှ  ဝယ်ယူမှုနည်းခြင်းစသည့် အခြေအနေများကြောင့့်် ပဲတီရွှေဝါဈေးနှုန်းများ ယခင်တစ်ပတ်ထက် ဈေးနိမ့်ခဲ့ကြောင်းသိရှိရ ပါသည်။ ပျမ်းမျှအားဖြင့် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၃)တင်း/ (၆၀) ပိဿာ တစ်အိတ်လျှင် (၁၃၃,၀၅၀) ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၃)တင်း/ (၆၀) ပိဿာ တစ်အိတ်လျှင် (၁၃၂,၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။ ကုလားပဲမှာ ဈေးကွက်သို့ ပဲသစ်အချို့ အဝင်ရှိ လာခြင်း၊ ပြည်တွင်းလက်ကျန် နည်းသော်လည်း ပြည်ပတင်ပို့မှုမရှိခြင်း၊ ပြည်တွင်းပဲခွဲစက် များမှ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးနိမ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် (၁,၅၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၁,၄၈၃) ကျပ်ရှိကြောင်း သိရှိရပါသည်။ ပဲလွမ်းဖြူမှာ ဥရောပနိုင်ငံ အချို့မှ ဝယ်လိုအားရှိခဲ့ပြီး ပဲဟောင်းလက်ကျန်များ ပစ္စည်းပြတ်ချိန်တွင် ပဲသစ်အချို့ အဝင်ရှိ လာခြင်းကြောင့်လည်းကောင်း၊  ပဲသစ်များ အရည်အသွေး ကောင်းခြင်းကြောင့်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုတည်းမှသာ ဝင်ရောက်မှုရှိခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်း ဝယ်လက်များမှ ဝယ်ယူမှု ရှိခြင်းကြောင့် လည်းကောင်း ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ပျမ်းမျှအားဖြင့် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၃) တင်း/ (၆၀) ပိဿာတစ်အိတ် လျှင် (၁၅၉,၄၅၀) ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် ဈေးနှုန်းမှာ (၃)တင်း/(၆၀) ပိဿာတစ်အိတ် လျှင် (၁၆၅,၆၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံ ဈေးကွက်တွင် ကြက်သွန်ဖြူ (ရှမ်း) မှာ အရောင်းအဝယ်အေးခြင်း ကြောင့် အနည်းငယ်ဈေးနိမ့်ခဲ့ပြီး ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် ယခင်တစ်ပတ်ဈေးနှုန်းများ ထက် (၁၀၀) ကျပ်ခန့် ဈေးနိမ့်ကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) မှာ တင်သွင်း ဈေးမြင့်လာခြင်း၊ ကုန်အဝင်နည်းခြင်းနှင့် စားသုံးသူများမှ အဝယ်လိုက်ခြင်းတို့ကြောင့် ဈေးမြင့် ခဲ့ပြီး (၁) ပိဿာလျှင် ယခင်တစ်ပတ် ဈေးနှုန်းများထက် (၂၀၀) ကျပ်ခန့် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ငရုတ်ခြောက် (ရှည်၊ လတ်၊ ပွ) မှာ ရန်ကုန်ဈေးကွက်သို့ ငရုတ်အမျိုးအစားအားလုံး ကုန်အဝင်နည်းခြင်း၊ အအေးခန်း သိုလှောင်ထားသော ငရုတ်များဖြစ်၍ အရည်အသွေးကောင်း ခြင်း၊ စားသုံးသူများမှ  ပုံမှန်ဝယ်ယူမှုသာရှိခြင်းတို့ကြောင့် ငရုတ်အမျိုးအစားအားလုံး ရောင်းလိုအား၊ ဝယ်လိုအားမျှကာ ယခင်တစ်ပတ်ဈေးနှုန်းများအတိုင်း ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ကြက်သွန်နီ(ထူး၊ လတ်၊ သေး) မှာ မိုးကြက်သွန်နီအသစ်များ ဈေးကွက်သို့ အဝင် ရှိလာခြင်းနှင့် အရည်အသွေးကောင်းခြင်း၊ ကြက်သွန်နီ ထွက်ရှိရာဒေသများမှ နယ်စပ်ဂိတ် များသို့ တင်ပို့မှုရှိခြင်းတို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ယခင် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ၅၇၅-၅၅၀-၄၇၅ ကျပ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ၇၂၅-၇၂၅-၆၀၀ ကျပ် ရှိကြောင်း သိရှိရပါသည်။

                                                                               (ဒေါ်အေးသန္တာဝင်း၊ ရန်ကုန်ဈေးကွက်)

Loading