ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ဆန်မျိုးစုံ

မြန်မာနိုင်ငံဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) မှ ၂၉-၁၂-၂၀၂၀ ရက်နေ့ ထုတ်ပြန်သော ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းတစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၆,၀၀၀ ကျပ်မှ ၃၇,၅၀၀ ကျပ် ၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၈,၅၀၀ ကျပ်မှ ၄၁,၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင် ၃၁,၀၀၀ ကျပ်မှ ၃၂,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၂၅,၀၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်၊ မနောသုခဆန် တစ်အိတ်လျှင် ၂၆,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၂၁,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်တို့ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန် အသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ၂၉-၁၂-၂၀၂၀ ရက်နေ့ ဈေးနှုန်းအရ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၅၀,၀၀၀ ကျပ်မှ ၅၈,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းဝယ်မှု ရှိသဖြင့် ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရပါသည်။ ဒီဇင်ဘာလအတွင်း ဒေသအနှံ့အပြားမှ ထွက်ရှိသော မိုးစပါးသစ်/ ဆန်သစ်များ ဈေးကွက်ဝင်ရောက်မှုရှိပြီး ဝယ်လိုအားအနေဖြင့် ပုံမှန်အခြေအနေသာရှိခြင်းစသည့် အချက်တို့ကြောင့် ဆန်ဈေးနှုန်းများ အတက်အကျပြောင်းလဲမှုမရှိခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်အသီးသီး (ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ မြောင်းမြ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်း နှင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ) မှ ဆန်မျိုးစုံ နေ့စဉ်ဆန်အိတ်ပေါင်း (၅၀၀၀၀) ဝန်းကျင်ခန့် ဝင်ရောက်မှုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် များမှ စိုက်ပျိုးထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်များ ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

အစေ့ထုတ်ပြောင်း

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ ခူးဆွတ်နေချိန်ဖြစ်၍ ဈေးကွက်တွင်း ဝင်ရောက်မှုများ ခြင်း၊ ထွက်ရှိရာဒေသတွင် ရောင်းလိုအားများပြီး တိရစ္ဆာန်အစာစပ်လုပ်ငန်းများမှ ဝယ်လိုအား သာရှိခြင်းတို့ကြောင့် ယခုတစ်ပတ်တွင်လည်း ယခင်တစ်ပတ် ဈေးနှုန်းကဲ့သို့ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ၂၄,၈၄၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ပဲဈေးနှုန်း

ယခုသီတင်းပတ်အတွင်း ဒေသအနှံအပြားမှထွက်ရှိသော မတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်မှုများခြင်းကြောင့် ကုန်သည်မှ အဝယ်လိုက်သော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်း လာမည့်အခြေအနေများ ဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။ ယခင်တစ်ပတ်တွင်မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ၉၇၀,၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်ဈေးနှုန်းအရ တစ်တန်လျှင် ၉၅၂,၅၀၀ ကျပ် သို့ ကျဆင်းခဲ့ကြောင်း၊ ဝယ်လိုအားထက် ရောင်းလိုအားက များနေခြင်းကြောင့်လည်းကောင်း၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များရှိခြင်းကြောင့် ကုန်သည်ပွဲစားများကြား အရောင်းအဝယ် အေးခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ပြီး လက်ရှိအနေအထား အရ ဈေးဆက်လက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း ကုန်သည်များမှ သုံးသပ်ကြောင်း သိရှိရပါသည်။  မတ်ပဲကဲ့သို့ ပဲစင်းငုံဈေးနှုန်းအနေဖြင့်လည်း ယခင်တစ်ပတ်တွင် (သင်္ဘောတင်) တစ်တန်လျှင် ၇၁၀,၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်ဈေးနှုန်းအရ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၆၉၅,၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နှင့် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့တို့မှ ထွက်ရှိသော ပဲတီစိမ်းနှင့် ပဲတီရွှေဝါများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက် လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့မှ ထွက်ရှိသော ပဲတီရွှေဝါမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး ပဲတီရွှေဝါမှာ တရုတ်ဝယ်လက်ရှိသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ဝါးခယ်မမြို့နှင့် ပခုက္ကူမြို့မှထွက်ရှိ သော ပဲတီစိမ်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၆,၀၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၉ ရက် နေ့တွင် ကျပ် ၁၃၀,၈၀၀ သို့လည်းကောင်း၊ ပဲတီရွှေဝါမှာ ဒီဇင်ဘာ ၂၃ ရက်တွင် သုံးတင်းဝင်တစ်အိတ် လျှင် ကျပ် ၁၂၇,၈၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျပ် ၁၃၅,၆၀၀ သို့လည်းကောင်း ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။ လက်ရှိအနေအထားအရ တရုတ်ဝယ်လိုအားများ ခြင်းကြောင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ

ကြက်သွန်နီမှာ ယခုတစ်ပတ်အတွင်း မိုးကြက်သွန်နီအသစ်များ ဝင်ရောက်လာပြီး လက်ကျန် နွေကြက်သွန်နီအဟောင်းများ အဝင်များနေဆဲဖြစ်ခြင်းကြောင့် ရန်ကုန်ဈေးကွက် အတွင်း ဝင်ရောက်မှုများလာခြင်း၊ သီးနှံအဟောင်းများ အရည်အသွေးညံ့လာချိန်ဖြစ်ခြင်း၊ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်တစ်ပတ် ဈေးနှုန်းအရ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၅၀ မှ ၈၀၀ ကျပ်နှုန်း ရှိပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၁၅၀ ကျပ်မှ ၇၀၀ ကျပ်သို့ ဈေးနိမ့် သွားကြောင်း သိရှိရပါသည်။ ကားတစ်စီးလျှင် ပိဿာ (၆၀၀၀) ဝင်ဆံ့သော ပျမ်းမျှအားဖြင့် ကားအစီးပေါင်း ၃၀ ခန့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မြင်းခြံ၊ တောင်သာနှင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ မှာ ဝင်ရောက်မှုပုံမှန်ရှိပြီး ဝယ်လိုအားအနည်းငယ်ကျသောကြောင့် ယခုတစ်ပတ်အတွင်း ဈေးနှုန်း အနည်းငယ်ကျခဲ့ကြောင်း၊ ယခုတစ်ပတ်အတွင်း နေ့စဉ် ပျမ်းမျှ ၁၈၀၀ အိတ် (၅၄,၀၀၀ ပိဿာ) ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်မှ ငရုတ်ခြောက် (ရှည်) အသစ်များနှင့် အိန္ဒိယ၊ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ၊ ပန်းတနော်မှလည်းကောင်း၊ သာစည်၊ ပျော်ဘွယ်မှ မိုးထောင်ငရုတ် များ ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုရှိပြီး ရောင်းလိုအားမှာ ဝယ်လိုအားထက် အနည်းငယ် များသဖြင့် ယခုတစ်ပတ်အတွင်း ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်နီးပါး လည်ပတ်လာနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာဈေးကွက်အတွင်းသို့ ကုန်စည်ဝန်ဆောင်ယာဉ်များ ပုံမှန်ဝင် ရောက်မှုရှိသော်လည်း ရာသီသီးနှံများ ထွက်ရှိမှုများလာသဖြင့် ဈေးကွက်တွင်း ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ ဝင်ရောက်မှုများခြင်းနှင့် အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခုတစ်ပတ် အတွင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

                                                                            (ဒေါ်ဖြူမာချို၊ ရန်ကုန်ဈေးကွက်တာဝန်ခံ)

Loading