ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် ယူရိုဇုန်၏ စီးပွားရေးလှုံ့ဆော်မှုများကို ထပ်မံဆောင်ရွက်ရန် ဥရောပ ဗဟိုဘဏ် ပြင်ဆင်လျက်ရှိခြင်း

ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်း ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေး ထိခိုက်မှုများကို ကြုံတွေ့နေရသဖြင့် ယူရိုဇုန်အတွက် စီးပွားရေးလှုံ့ဆော်မှုများကို ထပ်မံ လုပ်ဆောင်သွားရန် ဥရောပဗဟိုဘဏ်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ ကပ်ရောဂါကာကွယ် ဆေး ရရှိနိုင်မည့် အလားအလာများနှင့်အတူ လာမည့်နှစ်တွင် ကာလရှည်အတွက် စီးပွားရေး အလားအလာကောင်းမွန်နိုင်မည့် အခြေအနေရှိနေခြင်းနှင့် ဥရောပတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့ခြင်းကြောင့် အသွားအလာကန့်သတ်မှုများ ပြန်လည်ဆောင်ရွက် ခဲ့ကြရခြင်းတို့ကြောင့် ယူရိုဇုန်အတွက် စီးပွားရေးခန့်မှန်းချက်ကိုလည်း ဥရောပဗဟိုဘဏ်က ပြင်ဆင်သွားမည်ဖြစ်သည်။

ဥရောပဗဟိုဘဏ်သည် ယင်း၏ ယူရို (၁.၃၅) ထရီလီယံတန်ဖိုးရှိသည့် ကပ်ရောဂါ ဆိုင်ရာ အရေးပေါ်ငွေကြေးစာချုပ်များ ဝယ်ယူရေးအစီအစဉ်တွင် စီးပွားရေးလှုံ့ဆော်မှုအတွက် ယူရို (၅၀၀) ဘီလီယံထပ်မံဖြည့်တင်းဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက မျှော်လင့်ထား ကြသည်။ ယင်းငွေကြေးစာချုပ်များ ဝယ်ယူရေးအစီအစဉ်သည် သုံးစွဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ကို တွန်းအားပေးရန်အတွက် ငွေချေးယူမှုဆိုင်ရာ ကုန်ကျစရိတ်များကို သက်သာစေခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှင့် ပတ်သက်၍ ဥရောပဗဟိုဘဏ်၏ ပြီးခဲ့သည့် စက်တင်ဘာလက ခန့်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်၏ စတုတ္ထသုံးလပတ်တွင် တတိယသုံးလပတ် နှင့် နှိုင်းယှဉ်ချက်အရ (၃.၁) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ သို့ရာတွင် ဥရောပနိုင်ငံ များ၌ ဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေး ကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းဆောင်တာများ ရပ်နားထားရခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ စမ်းသပ်ချက်များ အောင်မြင်လာမှုကြောင့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွင် ဥရောပ၌ ကာကွယ်ဆေးအသုံးပြုနိုင်မည်ဟု မျှော်လင့်ထားမှု နှင့်အတူ ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လာနိုင်မည်ဟု ခန့်မှန်းထားကြခြင်းတို့ကြောင့် စီးပွားရေးခန့်မှန်းချက်ကို ပြန်လည်သုံးသပ်သွားရမည်ဖြစ်သည်။ အဆိုပါအချက်များကြောင့် ဥရောပဗဟိုဘဏ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလအတွက် စီးပွားရေး တိုးတက်မှုနှုန်းကို တိုးမြှင့်ခန့်မှန်းဖွယ်ရှိနေပါသည်။ သို့ရာတွင် Brexit ကာလအလွန် အီးယူနှင့် ဗြိတိန်နိုင်ငံတို့၏ ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး မသေချာသေးသည့်အခြေအနေ များသည် ဥရောပဒေသ၏ စီးပွားရေးမျှော်မှန်းချက်အတွက် မရေရာမှုများ ဖြစ်ပေါ်စေလျက် ရှိပါသည်။

ဥရောပဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို (၂) ရာခိုင်နှုန်းအောက်တွင် တည်ငြိမ်အောင် ထိန်းထားနိုင်ရေး ရည်မှန်းချက်ထားဆောင်ရွက်ရာတွင် ရုန်းကန်နေရဆဲဖြစ် ကြောင်း၊ ဥရောပစာရင်းအင်းအဖွဲ့အစည်း (Eurostat) ၏ စာရင်းများအရ ဈေးနှုန်းကျဆင်းမှုများ လများစွာ ဆက်လက်ဖြစ်ပေါ်ခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ယူရိုဇုန်၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ (-၀.၃) ရာခိုင်နှုန်းတွင် ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ သို့သော် ကပ်ရောဂါ မဖြစ်ပွားမီကာလကတည်းကပင် ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ နိမ့်ကျနေသည့်အခြေအနေ တွင်သာ တည်မြဲနေမှုကို  ဥရောပဗဟိုဘဏ်အနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်နေကြောင်း သိရပါသည်။

ရင်းမြစ် –  (RTL Today)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading