အာဆီယံရေးရာဌာနခွဲ

  • အာဆီယံဌာနခွဲသည် အောက်ဖေါ်ပြပါအဖွဲ့အစည်းများ၏ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို  Focal အဖြစ် ဆောင်ရွက် ပေးရပါသည်-
    • အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား
    • ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှားနိုင်ငံ
    • ဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်ကြသော အာရှဒေသဖွံ့ဖြိုးရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန၊ အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေအဖွဲ့ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းများဖြစ်ကြသည့် မဟာမဲခေါင်ဒေသခွဲ၊ ဧရာဝတီ၊ ကျောက် ဖယား၊ မဲခေါင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး

အာဆီယံ၏ နောက်ခံသမိုင်း

  • အရှေ့တောင်အာရှနိုင်ငံများအသင်း (သို့မဟုတ်) အာဆီယံသည် ၁၉၆၇ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဘန်ကောက် ကြေငြာချက်တွင် လက်မှတ်ရေးထိုးခဲ့ကြသော အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင် တည်ထောင်ခဲ့ပါသည်။ ထို့နောက် ဘရူနိုင်းဒါရူဆလင်နိုင်ငံသည် ၁၉၈၄ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် ၁၉၉၅ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင်လည်းကောင်း၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၉ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်များအဖြစ် အသီးသီးဝင်ရောက်ခဲ့ကြပြီး ယခုအခါအာဆီယံတွင် အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံရှိပါသည်။
  • ၂၀၀၃ ခုနှစ်တွင်ပြုလုပ်ခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များမှ ငြိမ်းချမ်းသော၊ တည်ငြိမ်၍သာယာဝပြောသော၊ အဖွဲ့ဝင်အချင်းချင်းစည်းလုံး၍ကူညီပေးနိုင်သော လူမှုရေးဆိုင်ရာအဖွဲ့အစည်းဖြစ်စေရန် အာဆီယံအသိုက်အဝန်းကို ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာစေရေး ရည်မှန်းထားပြီး အာဆီယံအသိုက်အဝန်းတွင် အောက်ဖေါ်ပြပါ မဏ္ဍိုင် (၃)ခုကို သတ်မှတ်ခဲ့ပါသည်။
    • အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်
    • အာဆီယံ စီးပွားရေးမဏ္ဍိုင်
    • အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်
  • အထက်ဖေါ်ပြပါ မဏ္ဍိုင်(၃)ခုအနက် အာဆီယံစီးပွားရေးမဏ္ဍိုင်၏ လမ်းပြမြေပုံအရ အကောင်အထည်ဖေါ်ဆောင်ရွက်မှုလုပ်ငန်းများတွင် လယ်ယာကဏ္ဍမှတိုက်ရိုက်သော်လည်းကောင်း၊ အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှုမဏ္ဍိုင်၏ လမ်းပြမြေပုံအရအကောင်အထည်ဖေါ် ဆောင်ရွက် မည့်လုပ်ငန်းအချို့တွင် လယ်ယာကဏ္ဍမှ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ဆောင်ရွက်ရသည့်လုပ်ငန်းများပါရှိပါသည်။ အဆိုပါလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ Focal အဖြစ်ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး (AMAF)

  • အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများအစည်းအဝေး (SOM-AMAF) သည် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ လမ်းညွှန်ချက်အရ အာဆီယံနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ကြီးကြပ်ဆောင်ရွက်ပေးရသည်။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည်  AMAF Leader အဖြစ်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် SOM-AMAF Leader အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။
  • မြန်မာနိုင်ငံသည် AMAF နှင့် SOM-AMAF အစည်းအဝေးတို့၏ သဘာပတိအဖြစ် ၂၀၀၄ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

အာဆီယံဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့

  • စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာကဏ္ဍခွဲများ၊ သစ်တောကဏ္ဍသာမက စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန်များ၏ ကုန်သွယ်မှုတိုးမြင့်စေရေး အတွက် လုပ်ငန်းအဖွဲ့ /  ပူးတွဲကော်မတီ / ဘုတ်အဖွဲ့နှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အား တည်ထောင်ခဲ့သည်။ လယ်ယာကဏ္ဍဆိုင်ရာ လုပ်ငန်းကဏ္ဍ (၁၄)ခုရှိပြီး လုပ်ငန်းအဖွဲ့တစ်ခုစီအား သက်ဆိုင်သည့်ဌာနမှ Focal ဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည်။

 

စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍတို့အတွက် ပူးပေါင်းဆောင်ရွက်မှုဧရိယာများ

  • အာဆီယံသည် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများစွာကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းများတွင်  သီးနှံများ၊ တိရိစ္ဆာန်၊ ငါးနှင့် သစ်တောကဏ္ဍတို့ရှိ သတင်းအချက်အလက်များဖလှယ်ခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ ရိတ်သိမ်းချိန်လွန်နှင့်ကိုင်တွယ်ခြင်း၊ သင်တန်းနှင့်ပညာပေးခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးသာမကကုန်သွယ်မှု တိုးမြင့်စေခြင်း တို့ပါဝင်ပါသည်။

 

အာဆီယံနှင့်ဖွံ့ဖြိုးတိုးတက်မှု/ဆွေးနွေးဖက်များ အကြားပူးပေါင်းဆောင်ရွက်မှု

  • စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ (အပေါင်းသုံးနိုင်ငံ)၊ အိန္ဒိယနိုင်ငံ၊ ဂျာမဏီ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတို့မှ အာဆီယံဒေသတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ရန်ပုံငွေအကူ အညီများ ထောက်ပံ့ကူညီပေးခဲ့ပါသည်။

အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား ပူးပေါင်းဆောင်မှုလုပ်ငန်းများ

အာဆီယံအပေါင်းသုံး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများစွာအနက် ထင်ရှားသည့် အောက်ဖေါ်ပြပါလုပ်ငန်းများကို ဖေါ်ပြအပ်ပါသည်-

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာထားရှိရေး အစီအစဉ်အောက်ရှိ Tier 3 အစီအစဉ်

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာထားရှိရေးအစီအစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး၌ စတင်ခဲ့သည်-

  • အဖွဲ့ဝင်နိုင်ငံများ၏ အရေးပေါ်အခြေအနေကို တုန့်ပြန်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းခဲ့သည့် ဆန်မက်ထရစ်တန်ချိန် ၅၀၀ နှင့် ဂျပန်နိုင်ငံမှလှူဒါန်းခဲ့သည့် ဆန်မက်ထရစ်တန်ချိန် ၃၀၀ကို သိုလှောင်ရန် တာဝန်ယူခဲ့သည်။
  • ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိအချို့သောဒေသများနှင့် ပြည်နယ်များတွင် ရေလွှမ်းသည့်ဒဏ်ကို ဆိုးရွားစွာခံစားရသည့်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလှူဒါန်းခဲ့သော ဆန်တန်ချိန်မက်ထရစ်တန်စုစုပေါင်း ၈၀၀ ကို ရရှိခဲ့ပါသည်။
  • စိုက်ပျိုးရေးဦးစီးဌာနသည် အဆိုပါဆန်များဖြန့်ဝေရေးအတွက် Focal ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံစားနပ်ရိက္ခာဖူလုံရေး သတင်းအချက်အလက်စနစ်

ဒေသတွင်း၌ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ တိုးမြင့်လာသည့်အတွက် အာဆီယံစားနပ်ရိက္ခာဖူလုံရေးသတင်း အချက်အလက်စနစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကို အာဆီယံနှင့်အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ရှိ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများမှ ၂၀၀၂ခုနှစ်၊ အောက်တိုဘာလတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံတွင် ကျင်းပခဲ့သောအစည်းအဝေး၌ သဘောတူညီခဲ့ကြသည်။ အာဆီယံ စားနပ်ရိက္ခာဖူလုံရေး သတင်းအချက်အလက်စနစ် အကောင်အထည်ဖေါ်ဆောင်ရွက်မှု၏ ကနဦးပိုင်းတွင် ဂျပန်နိုင်ငံစိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်း ဝန်ကြီးဌာနမှ ရန်ပုံငွေနှင့်နည်းပညာကူညီထောက်ပံ့ပေးခဲ့ပြီး ထိုင်းနိုင်ငံရှိစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ စိုက်ပျိုးစီးပွားရေးရုံးမှ စီမံခန့်ခွဲမှုပိုင်းတွင် ကူညီထောက်ပံ့ပေးခဲ့သည်။

  • စီမံကိန်း၏ရည်ရွယ်ချက်မှာ စားနပ်ရိက္ခာလုံခြုံရေးနှင့် ဆက်စပ်သည့်သတင်းအချက်အလက်များကို ကောက်ယူခြင်း၊ စိစစ် သုံးသပ်ခြင်းနှင့် ဖြန့်ဝေအသိပေးခြင်းဖြင့် ဒေသတွင်း၌ စားနပ်ရိက္ခာဖူလုံမှု ပိုမိုခိုင်မာလာစေရန်ဖြစ်ပါသည်။
  • စီမံကိန်းအား ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းပထမအဆင့်သည် ၂၀၀၃ခုနှစ်မှ ၂၀၀၇ခုနှစ် ဖြစ်ပြီး ဒုတိယအဆင့်သည် ၂၀၀၈ခုနှစ်မှ ၂၀၁၂ခုနှစ် ဖြစ်ပါသည်။ ယခုအခါ စီမံကိန်းကို ထိုင်းနိုင်ငံမှဦးဆောင်၍ အပေါင်းသုံးနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
  • မြန်မာနိုင်ငံတွင်စီမံကိန်း၏ Focal ဌာနအဖြစ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံနိုင်ငံများရှိ လယ်ယာကဏ္ဍစွမ်းဆောင်ရည်တိုးမြင့်စေရေးစီမံကိန်း

စီမံကိန်း၏ ပထမအဆင့်အား ၂၀၁၁ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ။ ဒုတိယအဆင့်အား ၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ်အထိနှင့် တတိယအဆင့်အား ၂၀၁၇ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်း၏ Focal ဌာနသည် စီမံကိန်းစီးဌာနဖြစ်ပါသည်။

  • စီမံကိန်း ဒုတိယအဆင့်၏ ပထမအကြိမ် နှစ်စဉ်ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါသည်။
  • ထို့ပြင် နိုင်ငံအသီးသီးတွင်ကျင်းပခဲ့သော နှစ်စဉ်ညှိနှိုင်းအစည်းအဝေးများသို့ အဆိုပြုတင်ပြချက်အရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် အထိ စုစုပေါင်း နောက်ဆက်တွဲသင်တန်း (၈)ခုကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ကျင်းပနိုင်ခဲ့ပါသည်။

အာဆီယံဒေသတွင်းရှိ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်နှင့် ဆက်စပ်သည့်ဘာသာရပ်များတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံကိန်း

  • စီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်မှုလုပ်ငန်းများကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ (၃)နှစ်ဖြစ်ပါသည်။
  • စီမံကိန်း၏ Focal ဌာနမှာ စီမံကိန်းဦးစီးဌာနဖြစ်ပြီး စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့်တက္ကသိုလ်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပါသည်။
  • စီမံကိန်းရည်ရွယ်ချက်မှာ အာဆီယံဒေသတွင်းရှိတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်နှင့် ဆက်စပ်သည့် ဘာသာရပ်များတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ပြီး ​ဒေသတွင်းရှိတန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက် လာပြီး အကျိုးအမြတ်များဖွံ့ဖြိုး တိုးတက်လာစေခြင်းဖြင့် ဆင်းရဲမှုပပျောက်စေခြင်း၊ စားနပ်ရိက္ခာဖူလုံမှုတိုးမြင့်လာခြင်း၊ စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ဖြစ်ပါသည်။

အာဆီယံပေါင်းစည်းရေးအတွက် ကနဦးလုပ်ငန်းများ(IAI)

  • IAI သည် ကမ္ဘောဒီယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသည် အာဆီယံနိုင်ငံများအကြားနှင့်သာမက ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်ပါက အခြေခံအဆောက်အအုံ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးစသည့်အချက်များအား နှိုင်းယှဉ်ကြည့်ပါက ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေသည်ကို ကျဉ်းမြောင်းစေရေးအတွက် အထူးအစီအစဉ်တစ်ခု ဖြစ်ပါသည်။
  • IAI သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအပေါ် အဓိကထားဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါသည်။
  • IAI တွင် လုပ်ငန်းအစီအစဉ် (၁)နှင့် (၂) တို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းအစီအစဉ် (၃)သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းအစီအစဉ် (၃)ကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ အာဆီယံခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုခဲ့ကြသည်။
  • လုပ်ငန်းအစီအစဉ် (၃)တွင် ပါရှိသော ကဏ္ဍများကို အောက်ပါအတိုင်း ဖေါ်ပြအပ် ပါ သည်-
  • စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး
  • ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး
  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ
  • ပညာရေး
  • လုပ်ငန်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်း
  • အာဆီယံ၏ ဦးစားပေးပေါင်းစည်းရေးကဏ္ဍ အစီအစဉ်တွင် စင်္ကာပူနိုင်ငံမှဦးဆောင်၍ မြန်မာ-စင်္ကာပူသင်တန်းကျောင်းတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့ပါသည်။ သင်တန်းများကို ဝန်ကြီးဌာနအသီးသီးမှ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများမှ တက်ရောက်နိုင်ပြီး အဆိုပါ သင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ဆောင်ရွက်ပေးလျက် ရှိပါသည်။
  • ၂၀၀၃ ခုနှစ်မှ ၂၀၂၀ ဖေဖေါ်ဝါရီလအထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စေလွှတ်တက်ရောက်ခဲ့သော သင်တန်းသား စုစုပေါင်း ၃၄၅ ယောက်ရှိပြီ ဖြစ်ပါသည်။

ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ

  • မဟာမဲခေါင်ဒေသခွဲနိုင်ငံများတွင် (၆) နိုင်ငံပါဝင်ပြီး ကုန်သွယ်ရေးတိုးချဲ့နိုင်ခြင်းနှင့် အဓိကကျသည့် စားသောက်ကုန်နှင့် စိုက်ပျိုးရေးဆိုင်ရာထွက်ကုန်များ အမြောက်အများထွက်ရှိနိုင်ခြင်းတို့မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်းပူးပေါင်း၍ စုပေါင်း အားဖြင့် ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါ သည်။
  • အဓိကကျသော စိုက်ပျိုးရေးအထောက်အကူပြုအစီအစဉ်အရ ဦးစားပေးစီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက် နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကို ၂၀၀၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့တွင် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ အဆင့်မြင့်အရာရှိများပါဝင်ပြီး လုပ်ငန်းအဖွဲ့အစည်းအဝေးကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ စီမံကိန်း ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးသည် လုပ်ငန်းအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။