မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနခွဲ

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အောက်ဖော်ပြပါ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ပူးပေါင်းပါဝင်လျက်ရှိပြီး အဆိုပါကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များ တောင်းခံလာပါက သက်ဆိုင်ရာဦးစီးဌာနများနှင့်  ညှိနှိုင်း၍ပေးပို့လျက်ရှိပါသည်-

  • ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊
  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတွင် အမြဲတမ်းအတွင်းဝန်သည် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊
  • ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် စီမံကိန်းများဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်သည် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊
  • UNDP အဆိုပြုစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများအတွင်း ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း အဖွဲ့ (Inter- Ministerial Working Group)တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးသည် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊
  • လူသားချင်းစာနာမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ICRCနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးသည် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊
  • နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူး များသည် အဖွဲ့ဝင်များအဖြစ်လည်းကောင်း။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အကြံပြုချက် (၈၈)ချက်တွင် လယ်ယာကဏ္ဍ ဆိုင်ရာ အောက်ဖော်ပြပါ အကြံပြုချက်(၉)ချက် ပါဝင်ပြီး အဆိုပါအကြံပြုချက်များအပေါ် ဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုများအား စုစည်းပြုစုကာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ လစဉ်ပေးပို့ တင်ပြလျက်ရှိပါသည်-

  • စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးမှု (အကြံပြုချက်-၄)၊
  • အမျိုးသမီးဦးစားပေး အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးမှု (အကြံပြုချက်-၅)၊
  • လျှပ်စစ်မီး၊ သောက်သုံးရေနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမှု (အကြံပြုချက်-၆)၊
  • အရည်အသွေးပြည့်မီသည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဝေပေးခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုခြင်းဆိုင်ရာ သင်တန်းများပို့ချပေးခြင်းတို့ ပါဝင်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးမှု (အကြံပြုချက်-၇)၊
  • ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်သော စိုက်ပျိုးရေးဆိုင်ရာမျိုးစေ့များထုတ်လုပ်ခြင်း၊ ရေသိုလှောင်ခြင်းကို ပုံစံအမျိုးမျိုးဖြင့်တိုးမြှင့်ဆောင် ရွက်ခြင်း၊ ရေသွင်းရေထုတ်ပြုလုပ်သည့် ဆည်မြောင်းစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးမှု (အကြံပြုချက်-၁၀)၊
  • အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများရရှိရေး ဆောင်ရွက်ပေးမှု (အကြံပြုချက်-၂၄)၊
  • ရေနှင့် သန့်ရှင်းရေးတိုးတက်ကောင်းမွန်လာရေး၊ အသက်မွေးဝမ်းကျောင်းအခြေအနေများတိုးတက်လာရေး ဆောင်ရွက်ပေးမှု (အကြံပြုချက်-၂၆)၊
  • ရခိုင်နှင့်မွတ်ဆလင်များအကြား အပြန်အလှန်အလွတ်သဘောဆက်ဆံမှုများ၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးခြင်း ဆောင်ရွက်ပေးမှု (အကြံပြုချက်-၆၂)၊
  • စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ (အကြံပြုချက်-၇၅)။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူသို့အစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့်သက်ဆိုင်သော အကြံပြုချက် (၉)ချက်အပေါ် လုပ်ငန်းဆောင်ရွက်မှုများကိုစုစည်းပြုစုပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသို့ (၄)လ (၁)ကြိမ် ပေးပို့တင်ပြလျက်ရှိပါသည်။

နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် “လူမျိုးပြုန်းစေမှုကိုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း”နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ တက္ကသိုလ်တို့၏ စီမံဆောင်ရွက်မှုများကို စုစည်းပြုစုပြီး နိုင်ငံတော်သမ္မတရုံးသို့ ဇူလိုင်လ ပထမအပတ်မှ စ၍  (၃)လ (၁)ကြိမ် တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မွေးရေ/ကျေးလက်ကဏ္ဍအောက်ရှိ ဦးစီးဌာနများမှ ပေးပို့လာသည့် အစီရင်ခံစာနှင့် စာရင်းများကို စိစစ်၍ မွေးရေ/ကျေးလက်ကဏ္ဍဆိုင်ရာ စာရင်းပြုစုပြီး လယ်ယာကဏ္ဍ၊ သမဝါယမကဏ္ဍတို့မှ ပေးပို့လာသည့် အစီရင်ခံစာ၊ စာရင်းများနှင့် စုစည်းကာ ဝန်ကြီးဌာန၏ လစဉ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ပြုစု၍ နိုင်ငံတော်သမ္မတဦးစီးရုံး၊ ဒုတိယသမ္မတ(၁)ဦးစီးရုံး၊ ဒုတိယသမ္မတ(၂) ဦးစီးရုံးများသို့ လစဉ် ပေးပို့တင်ပြလျက်ရှိပါသည်။

မွေးရေ/ကျေးလက်ကဏ္ဍအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်တို့မှ ပေးပို့လာသည့် စာရင်း များကို စိစစ်၍ မွေးရေ/ကျေးလက်ကဏ္ဍဆိုင်ရာ စာရင်းပြုစုပြီး လယ်ယာကဏ္ဍ၊ သမဝါယမကဏ္ဍ တို့မှပေးပို့လာသည့် စာရင်းများနှင့် စုစည်းကာ ဝန်ကြီးဌာန၏ (၃)လပတ်လုပ်ငန်းဆောင်ရွက်မှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနသို့ (၃)လ (၁)ကြိမ် ပေးပို့လျက်ရှိပါသည်။

မွေးရေ/ကျေးလက်ကဏ္ဍအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်တို့မှပေးပို့လာသည့် အစီရင်ခံစာနှင့် ထူးခြားစွာလုပ်ငန်းဆောင်ရွက်ခဲ့မှုများကို စိစစ်၍ မွေးရေ/ကျေးလက်ကဏ္ဍဆိုင်ရာ စာရင်းပြုစုပြီး လယ်ယာကဏ္ဍ၊ သမဝါယမကဏ္ဍတို့မှပေးပို့လာသည့်အစီရင်ခံစာနှင့် ထူးခြားစွာလုပ်ငန်းဆောင်ရွက်ခဲ့မှု များကို စုစည်းကာ ဝန်ကြီးဌာန၏ ပထမ(၆)လပတ်၊ ဒုတိယ(၆)လပတ် နှင့် နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးများသို့ ပေးပို့ တင်ပြလျက်ရှိပါသည်။

Loading