ပြည်ပသတင်းများ

ယူရိုဇုန်၏စီးပွားရေး (၁၂) ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းထက် (၂) ဆ ရှိနိုင်သည်ဟု ဥရောပဗဟိုဘဏ် အကြီးအကဲ ပြောကြားခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် လုပ်ငန်းများရုတ်တရက်ရပ်နားခဲ့ရ ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယူရိုဇုန်၏ စီးပွားရေးမှာ (၁၂) ရာခိုင်နှုန်းဖြင့် ကျဆင်းရန် အလားအလာ အလွန်များနေသည်ဟု ဥရောပဗဟိုဘဏ်၏ အကြီးအကဲဖြစ်သူ Christine Lagarde က သတိပေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ Euro Area ၏ စီးပွားရေးမှာ ဘဏ္ဍာရေးအကျပ်အတည်း ကာလကထက်  ပိုမိုကျဆင်းနိုင်မည့်အခြေအနေ ရှိနေကြောင်း၊ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ် အတည်းကာလပြီးနောက် ယူရိုဇုန်၏ စီးပွားရေးမှာ (၄) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအတွင်းသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုအကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းနိုင်မှုမှာ ယင်းထက် (၂) ဆ ဖြစ်နိုင်သည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

ယူရိုဇုန်၏ စီးပွားရေးကျုံ့မှုသည် (၅) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းအတွင်း ရှိနိုင်မည်ဟု ဥရောပဗဟိုဘဏ်က မျှော်မှန်းထားမှုနှင့်အတူ ဥရောပကော်မရှင်က ပြီးခဲ့သည့်မေလ အစောပိုင်း တွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ယူရိုဇုန်၏ စီးပွားရေးကို (၈) ရာခိုင်နှုန်းကျဆင်းနိုင် ကြောင်း ခန့်မှန်းထားပါသည်။ ယခုနှစ်အတွက် mild scenario အဖြစ် ယူရိုဇုန်၏ စီးပွားရေး (၅) ရာခိုင်နှုန်း ခန့်ကျဆင်းနိုင်မည်ဟူသော ခန့်မှန်းချက်ထားရှိခဲ့ခြင်းဖြစ်ပြီး၊ အမှန်တကယ်ရလာဒ်မှာ အပျော့စား ထိခိုက်မှုဖြစ်တန်စွမ်း (mild scenario) နှင့် အပြင်းစားထိခိုက်မှု ဖြစ်တန်စွမ်း (severe scenario) တို့ အကြားတွင် ရှိမည်ဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုအခြေအနေသည် ကန့်သတ် ပိတ်ဆို့မှုအစီအမံများအား လျင်လျင်မြန်မြန် ဖြေလျှော့နိုင်မှုနှင့် စီးပွားရေးလုပ်ငန်းရပ်များ ပြန်လည် စတင်လုပ်ကိုင်နိုင်မှုတို့ အပေါ်တွင် မူတည်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားထားပါသည်။

ယူရိုငွေကြေးအသုံးပြုသည့် single currency zone ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပတ်သက်၍ Lagarde အနေဖြင့် အကောင်းမြင်ထားပြီး၊ အချို့နိုင်ငံများသည် ကပ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြေရှင်းနိုင်ရေး ကြွေးမြီများပြားလာခြင်းများရှိသော်လည်း ၎င်းနိုင်ငံ များ၏ ကြွေးမြီများမှာ အတိုးနှုန်းနိမ့်သည့်ကြွေးမြီများသာဖြစ်သဖြင့် sustainable ဖြစ်ကြောင်း၊ အချို့နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းမှ ပိုမိုအားကောင်းစွာဖြင့် ပြန်လည်နိုးထလာနိုင်မည်ဖြစ်ကြောင်း၊ ရလာဒ်မှာ ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေးရန်ပုံငွေအတွက် ရရှိနိုင်မည့် “fiscal space” နှင့် ၎င်းနိုင်ငံများ၏ ထိခိုက်မှုအရှိဆုံးကဏ္ဍများအား ကုစားမှု အပေါ်တွင် မူတည်မည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading