ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲအား ရွှေ့ဆိုင်းကျင်းပမည်

စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် အီးယူနှင့် တရုတ် နိုင်ငံတို့အကြား ထိပ်သီးဆွေးနွေးပွဲ (Summit) တစ်ရပ်ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းကျင်းပသွားရန် နှစ်ဘက်သဘောတူညီခဲ့ကြကြောင်း ဂျာမနီနိုင်ငံအစိုးရက ကြေညာခဲ့ပါ သည်။ အီးယူနှင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေး ရည်ရွယ်သည့် အဆိုပါထိပ်သီးဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ၊ Leipzig မြို့၌ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး၊ ယင်းအစည်းအဝေးသည် ဂျာမနီနိုင်ငံက အီးယူကောင်စီအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ (၆) လ ကြာ တာဝန်ယူမည့် ကာလနှင့်တိုက်ဆိုင်၍ အဓိက အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပရန်စီစဉ် ထားခြင်းဖြစ်ကြောင်း၊ အီးယူနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူညီချက် (Investment Protection Agreement) လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ် ခြင်းဖြစ်သော်လည်း ယင်းသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး တိုးတက်မှုမှာ နှေးကွေး နေဆဲဖြစ်ကြောင်း သိရှိရပါ သည်။

ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်သတ်မှတ်နိုင်ရေးအတွက် အီးယူ၊ ဂျာမနီနိုင်ငံနှင့်တရုတ် နိုင်ငံတို့အကြား ညှိနှိုင်းသွားမည်ဖြစ်သည်ဟု ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ်၏ ပြောရေးဆိုခွင့်ရှိသူ Steffen Seibert က ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ယင်းထိပ်သီးဆွေးနွေးပွဲ ကို ယခုနှစ်အတွင်း ကျင်းပသွားရန် ရှိ/ မရှိနှင့် စပ်လျဉ်း၍မူ ဖော်ပြထားခြင်းမရှိကြောင်း၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ Charles Michel၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် တို့အကြား တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့ပြီးနောက်တွင် ထိပ်သီးဆွေနွေးပွဲ ရွှေ့ဆိုင်းကျင်းပရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Steffen Seibert က ဆက်လက်ပြောကြားခဲ့ပါသည်။ လာမည့်လများအတွင်း တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အီးယူမဟာဗျူဟာကို ရေးဆွဲသွားလို သည်ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ ကြောင်း Politico ၏ ၃-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

ရင်းမြစ် – (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading