ပြည်တွင်းသတင်းများ

လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများထောက်ပံ့ပေးအပ်ပွဲအခမ်းအနား

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနသည် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံ၍ ကျေးလက် နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း” အား စီမံကိန်း ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဝါးစိုက်ခင်းများနှင့် မျှစ်တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သောလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများအား ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ Bamboo ဝါးကုန်ထုတ်သမဝါယမအသင်းလိမိတက်၊ ခေတ်အေးအုပ်စု၊ ဝန်ပြန်ကျေးရွာတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်/ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဝါးစိုက်ပျိုးခြင်းနှင့် မျှစ်ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ နေပြည်တော် ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မျှစ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဝါးစိုက်တောင်သူများနှင့် စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများတွင် ဝါး စိုက်ခင်းစီမံခန့်ခွဲမှုသင်တန်း၊ အရည်အသွေးမြင့် မျှစ်ပြုပြင်ထုတ်လုပ်ခြင်း သင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဆောင်ရွက်ခြင်း၊ မျှစ်စားသုံးမှုနှင့် ဈေးကွက်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ ကွင်းဆင်းခြင်း၊ ဝါးပျိုးခြံတည်ထောင်ခြင်း၊ ဝါးစံပြစိုက်ခင်းများ တည်ထောင်ပေးခြင်း၊ ဝါးပျိုးပင်များထောက်ပံ့ပေးခြင်း၊ ဝါးပျိုးပင်များ အခမဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် ဝါးပျိုးပင်များဝယ်ယူစုဆောင်းခြင်း၊ ဝါးနှင့် မျှစ်ကုန်ချောထုတ်လုပ်ခြင်းစိတ်ဝင်စားမှုတူညီရာအဖွဲ့ များ ဖွဲ့စည်းခြင်းနှင့် မတည်ရန်ပုံငွေနှင့် လုပ်ငန်းသုံးပစ္စည်းများပံ့ပိုးခြင်း၊ အဆိုပါအဖွဲ့များသို့ ကျေးရွာအဆင့် အခြေခံစာရင်းရေးသွင်းခြင်းနှင့် စာရင်းကိုင်သင်တန်းပို့ချခြင်း၊ ဝါးလက်မှုပညာ သင်တန်းများသို့ သင်တန်းသားစေလွှတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေရဲ့ ၈၀% ကျော်သည် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းငယ်များ (MSMEs) ဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ သတင်းအချက်အလက်၊ စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုနှင့် စီးပွားရေးဝန်းကျင် ကောင်းများ ဖန်တီးပေးနိုင်မှုစသည့် အခက်အခဲများအား အဓိကကြုံတွေ့နေရပါကြောင်း၊ အဆိုပါအခက်အခဲများအား စီမံကိန်းမှ ကူညီဖြေရှင်းပေးရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန် နည်းပညာနှင့် သင်တန်းများပေးခြင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မတည်ရင်းနှီးငွေပံ့ပိုးပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ ပေးအပ်ခြင်းအားဖြင့် ဝါးနှင့် မျှစ်ကုန်ချော ထုတ်လုပ်ခြင်း စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) များ၊ သမဝါယမအသင်းအဖွဲ့များနှင့် မျှစ်ချဉ်လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်လိုအပ်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော မျှစ်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း၊ ထုတ်ပိုးပစ္စည်းများစနစ်တကျထုတ်ပိုးနိုင်ခြင်းအားဖြင့် ကာလရှည်ကြာစွာသိမ်းဆည်းထားနိုင်ခြင်း၊ အစားအစာ ဘေးကင်းလုံခြုံမှု ရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သောထွက် ကုန်များကို တစ်နိုင်ငံလုံးတင်ပို့ရောင်းချနိုင်သည်အထိ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း နှင့် ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် လူမှုဘဝမြှင့်တင်နိုင်ရေးအပြင် တစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေ အနေများအားလည်းကောင်း၊ Bamboo ဝါးကုန်ထုတ်လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးဝင်းကျော်ဦး က ဒေသမျှစ်ထွက်ကုန်တန်ဖိုးမြှင့်တင်ခြင်းလုပ်ငန်းများအကြောင်းအားလည်းကောင်း၊ NA RAIN DARA COMPANY LIMITED ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းခင်အုန်းက မျှစ်ခြောက် ပြည်ပ ပို့ကုန်လုပ်ငန်းအတွက် ဝါးစိုက်ခင်းထူထောင်မှု လုပ်ငန်းအကြောင်းအားလည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  သမဝါ ယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့မှ ဆိတ်ဖူးတောင် ကျေးရွာမှ တောင်သူ ဦးကြည်လှိုင်အား ဝါးစံပြစိုက်ခင်းနှင့် ဝါးပျိုးခြံ ထူထောင်ခြင်းအတွက် တန်ဖိုးငွေကျပ် စုစုပေါင်း (၆,၈၅၀,၀၀၀) ကျပ်ရှိသော ဒီဇယ်အင်ဂျင် (၁) လုံးနှင့် ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်း (၁) စုံအားလည်းကောင်း၊ ပျဉ်းမနား မြို့နယ်ရှိ ဖြိုးစံပယ်မျှစ်ချဉ်လုပ်ငန်းအတွက် တန်ဖိုးငွေကျပ် (၄,၅၀၀,၀၀၀) ကျပ်ရှိသော လေစုပ် အိတ်ပိတ်စက် (၁) လုံး အားလည်းကောင်း၊ တန်ဖိုးငွေကျပ် (၃၄၅,၀၀၀) ကျပ်ရှိသော ခြေနင်းအိတ်ပိတ်စက်အား မြသီတာကျေးရွာမှ မြရတနာ CIGs အဖွဲ့သို့ (၂) လုံး၊ အောင်ဘိသိတ် ကျေးရွာမှ ဘန့်ဘားစတား CIGs အဖွဲ့သို့ (၂) လုံး၊ ဘမ်ဘူးဝါးကုန်ထုတ်လုပ်ငန်းစု၊ ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမ အသင်းနှင့် အောင်သပြေ ဝါးစိုက်ခင်း ကြီးကြပ်သူများထံသို့ (၁) လုံးစီ စုစုပေါင်း ခြေနင်းအိတ်ပိတ် စက် (၈) လုံးအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များမှ ဝါးထုတ်ကုန်လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Loading