ပြည်တွင်းသတင်းများ

၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်း အနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် အခမ်းအနားကို နံနက် ၉ နာရီခွဲ အချိန်တွင် ရုံးအမှတ် (၁၅)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတွင် ကိုဗစ်-၁၉ ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဉီးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်း လီမိတက်၊ လယ်ယာ ကုန်ထုတ်နှင့် ကုန်သွယ်မှုသမဝါယမ အသင်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လယ်ယာကဏ္ဍဆိုင်ရာအသင်းအဖွဲ့များ၊ တောင်သူလယ်သမားများ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၂၀၀) ကျော်က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် သဝဏ်လွှာကို  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးလှမိုးက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ်၏ World Food Day 2021 Video Message အား ပြသခြင်းနှင့် စားနပ်ရိက္ခာနှင့် အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသခြင်းတို့ကို အစီအစဉ်အလိုက်ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို  (၁၀:၁၅) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားမိန့်ခွန်း ပြောကြားရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် အောက်တိုဘာလ (၁၆) ရက်နေ့ ကျရောက်တိုင်း လူသားတို့အတွက် စားနပ်ရိက္ခာ၏ အရေးပါမှုကို သတိမူမိကြစေရန်  “ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day)” အဖြစ် သတ်မှတ် ကျင်းပကြလျက်ရှိရာ ယခုနှစ်တွင် ကုလ သမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဖွဲ့စည်း တည်ထောင်ခဲ့သည့် (၇၆) ကြိမ်မြောက် အထိမ်းအမှတ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ကျင်းပမှု (၄၁) နှစ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနား ကျင်းပရာတွင် နှစ်စဉ်ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။ ယခု ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day) ဆောင်ပုဒ်ဖြစ် သည့် “Our Actions are our future. Better production, better nutrition, a better environment and a better life.”) “Our Actions are our future. Better production, better nutrition, a better environment and a better life.” “ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ အနာဂတ်၊ ပိုမို ကောင်းမွန်သော ထုတ်လုပ်မှု၊ အာဟာရ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှု ဘဝ” ဆိုသည့် “ကောင်း (၄) ကောင်း” (Four Betters) နှင့်အညီ စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်များကို ပြောင်းလဲဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးကြီးတာဝန်ဖြစ်ကြောင်းကို အလေးအနက် ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးဒဏ်နှင့် ကိုဗစ်-၁၉ ကပ် ရောဂါ ကျရောက်မှုကို ကြုံတွေ့ခံစားနေရပါကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား၍ အသွားအလာ ကန့်သတ်မှုကြောင့်  ထောက်ပံ့မှုလမ်းကြောင်းများ ထိခိုက်ခြင်း၊ သွင်းအားစုပစ္စည်း များရရှိမှု မလုံလောက်ခြင်းစသည့် အခက်အခဲများကြားမှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြသည့် တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမွေးမြူသူ တောင်သူ လယ်သမား ကြီးများ၏ လယ်ယာစီးပွားလုပ်ငန်းရှင် စိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးပမ်းအားထုတ်မှုကို အသိ အမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများ ရှိသော်လည်း မြန်မာ့လယ်ယာကဏ္ဍတွင် လယ်ယာသားငါး ကုန်ထုတ်လုပ်မှုနှင့် ပြည်ပ တင်ပို့မှုကို အရှိန်မပျက် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆန် မက်ထရစ်တန် ၂ ဒသမ ၅၈ သန်း၊ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၆ သန်း၊ ပြောင်း မက်ထရစ်တန် ၂ ဒသမ ၂ သန်း၊ နှမ်း မက်ထရစ်တန် ၀ ဒသမ ၁၇ သန်း၊ ရေထွက်ပစ္စည်း မက်ထရစ်တန် ၀ ဒသမ ၆၇ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ပိုး ပေးလျက် ရှိပါကြောင်း၊ “ရေရှည်တည်တံ့ခိုင်မြဲသော စားနပ်ရိက္ခာထုတ်လုပ်မှုစနစ်”တွင် အဓိက ပါဝင် ဆောင်ရွက် သူများဖြစ်ကြသည့် တောင်သူလယ်သမားများအတွက် ဈေးကွက်ရရှိနိုင်မှု၊ လယ်ယာထုတ် ကုန်များ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေး မြင့်မားရေးအတွက် နည်းပညာလိုအပ်မှု၊ ငွေကြေး အရင်း အနှီးလိုအပ်မှုစသည့် လိုအပ်ချက်ကြီး (၃)ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ထိထိ ရောက်ရောက် ပံ့ပိုးပေးလျက်ရှိပါကြောင်း။ ကမ္ဘာ့နိုင်ငံအသီးသီး၌ စားနပ်ရိက္ခာစနစ်ကို ပြောင်းလဲရေး ဖော်ဆောင်ရာတွင် တီထွင်ဆန်းသစ်သော စိုက်ပျိုးရေးနည်းပညာ (Industrial  Revolution 4.0 in Agriculture) ကို စတင်ကျင့်သုံး လျက်ရှိနေပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများဖြစ်သော မျိုးစေ့မှတ်ပုံတင်ခြင်း၊ မြေဩဇာနှင့် ပိုးသတ်ဆေးမှတ်ပုံ တင်ခြင်းလုပ်ငန်းများ နှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ထောက်ခံချက်ပေးခြင်း လုပ်ငန်းများကို Online စနစ်ဖြင့် လျင်မြန်စွာဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများ၏ မေးမြန်းချက်များကို Call Center များဖြင့် ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာ၊ ဈေးကွက်နှင့် ဈေးနှုန်း သတင်းစီးဆင်းမှု မြန်ဆန်စေရေးနှင့် အစားအစာ ဘေးကင်းလုံခြုံ ရေးဆိုင်ရာ စိစစ်ထောက်ခံမှု အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ICT နှင့် Digital နည်းပညာကို ယခုထက်ပို၍ ကျယ်ပြန့်စွာ အသုံးချနိုင်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံနှင့် နည်းပညာရရှိရေးတို့တွင် ပိုမိုရင်းနှီး မြှုပ်နှံခြင်းအားဖြင့် စားနပ်ရိက္ခာစနစ်ပြုပြင် ပြောင်းလဲရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ် ထားသည့် စီးပွားရေး ဦးတည်ချက်နှင့်အညီ စားနပ်ရိက္ခာဖူလုံရေး၊ လူတစ်ဦးချင်း ဝင်ငွေတိုးတက်ရေးနှင့် ဒေသအချင်းချင်းကြား၊ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်မြောင်းရေးကို အလေးထားသည့်မူဝါဒကို ကျင့်သုံးလျက်ရှိရာ ယခုနှစ် ကမ္ဘာ့စားနပ် ရိက္ခာနေ့ဆောင်ပုဒ်သည် မိမိတို့ ကျင့်သုံးလျက်ရှိသည့် မူဝါဒနှင့်လည်း လျော်ညီသည့်အတွက် ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သော အာဟာရ၊ ပိုမိုကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ရရှိလာအောင် လက်တွဲကြိုးပမ်းကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

 

­

Loading