ပြည်ပသတင်းများ

ဩစတြေးလျနှင့် ပစိဖိတ်ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု သဘောတူစာချုပ် အစည်းအဝေးကျင်းပ

ဩစတြေးလျအစိုးရသည် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးမှုပိုမိုခိုင်မာရန်ရည်ရွယ်၍ ပစိဖိတ်ဒေသရှိ ကုန်သွယ်ရေးဝန်ကြီးများနှင့် ၃၀-၆-၂၀၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီး၏ သတင်းထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ Pacific Agreement on Closer Economic Relations Plus (PACER Plus)စတင်သက်ဝင်သည့် ၁၃-၁၂-၂၀၂၀ ခုနှစ်နောက်ပိုင်း ကုန်သွယ်ရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် Virtual အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ် ကြောင်းသိရှိရပါသည်။ဝန်ကြီးကPACER Plus သဘောတူစာချုပ်မှာအင်ဒိုပစိဖိတ်ဒေသအတွက် ဩစတြေးလျနိုင်ငံ၏ ကတိကဝတ်များ၏အရေးကြီးသောအစိတ်အပိုင်းဖြစ်ပါကြောင်း၊ ပစိဖိတ် နိုင်ငံများမှာ ဩစတြေးလျနိုင်ငံအတွက် အိမ်နီးနားချင်း၊ မိတ်ဆွေများဖြစ်ပြီး၊ အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်နိုင်ငံများ၏ စီးပွားရေးတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိ စေခြင်းနှင့် ကုန်သွယ်မှုကို မြှင့်တင်နိုင်စေခြင်းတို့ဖြင့် ပိုမိုအောင်မြင်စေနိုင်ပါကြောင်း ထုတ်ဖော် ပြောကြားထားပါသည်။

ဩစတြေးလျနိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ဝန်ကြီးက PACER Plus အစည်းအဝေးတွင် ဩစတြေးလျနိုင်ငံက ပူးတွဲရန်ပုံ ငွေထောက်ပံ့ပေးမည့် အေဒေါ်လာ ၂၅ သန်း တန်ဖိုးရှိ ဖွံ့ဖြိုးမှုနှင့် စီးပွားရေးလုပ်ငန်းအစီအစဉ်ကို ဆွေးနွေးခဲ့ပါကြောင်း၊ PACER Plus မှာ ဒေသတွင်းတစ်ခုလုံးရှိ ကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မည့် အပြင် ကူးစက်ရောဂါ၏ ပြင်းထန်စွာရိုက်ခတ်ခံရသည့် ပစိတ်ဖိတ်ဒေသကို စီးပွားရေး ပြန်လည် နာလန်ထူလာစေနိုင်ရန် အထောက်အပံ့များ ပေးနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ထား ပါသည်။ PACER Plus သဘောတူစာချုပ်ဝင်နိုင်ငံများမှာ ဩစတြေးလျ၊ Cook Islands, Kiribati, Niue, ဆာမိုအာ၊ ဆော်လမွန်ကျွန်းများ၊ တွန်ဂါနှင့် နယူးဇီလန်နိုင်ငံတို့ ဖြစ်ကြပြီး၊  အတည်ပြု လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် စာချုပ်ဝင်များမှာ Nauru, Tuvalu နှင့် Vanuatuတို့ဖြစ် ကြောင်း သိရှိရပါသည်။

Source: www.trademinister.gov.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

Loading