ပြည်ပသတင်းများ

Corporate Due Diligence in Supply Chains Law စတင်ချမှတ်ကျင့်သုံးခြင်း

ဂျာမနီနိုင်ငံတွင် Supply Chains လုပ်ငန်းစဉ်တစ်လျှောက် လူ့အခွင့်အရေးနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များလိုက်နာဆောင်ရွက်ရေးအတွက် ဥပဒေပြဌာန်း မှုကို ၂၀၂၁ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ဂျာမန်လွှတ်တော်က အတည်ပြုခဲ့ပါသည်။ Supply Chains Law ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက မူကြမ်းတင်ပြခဲ့ပြီး ဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံရှိ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များအပါအဝင် Civil Society အဖွဲ့အစည်းများက တောင့်တင်း ခိုင်မာသော Supply Chains Law ပြဌာန်းကျင့်သုံးနိုင်ရေးကို တွန်းအားပေး ဆောင်ရွက်ခဲ့သည်။  ဥပဒေသည် ကော်ပိုရိတ် လုပ်ငန်းများ၏ တာဝန်ခံမှုအပေါ် သတ်မှတ်ဆုံးဖြတ်သွားမည်ဖြစ်ပြီး အလုပ်သမားဦးရေ အနည်း ဆုံး (၃၀၀၀) ခန့် ရှိသောကုမ္ပဏီ အရေ အတွက် (၁၀၀၀) အောက် အတွက် ၂၀၂၃ ခုနှစ်နှင့် အလုပ် သမားဦးရေ အနည်းဆုံး(၁၀၀၀) ခန့်ရှိသောကုမ္ပဏီ (၄၈၀၀) ခန့် အတွက် ၂၀၂၄ ခုနှစ်မှစ၍ ကျင့် သုံးဆောင်ရွက်မည်ဖြစ်သည်။  ယင်းကာလမတိုင်မီ ကုမ္ပဏီကြီးများအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်း များအပါအဝင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့် Supply Chains လုပ်ငန်းစဉ်တစ်လျှောက် လူ့အခွင့် အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဆုံးရှုံးမှုများကို စနစ်တကျ ပုံမှန်သတ်မှတ် ဆောင်ရွက်ရန်နှင့် နှစ်စဉ်အစီရင်ခံစာ မှတ်တမ်းများ တင်ပြရန်လိုအပ်ပါသည်။ ဥပဒေအရ သက် ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးနိုင်ပြီး သတ်မှတ်ချက်များအတိုင်း မလိုက်နာပါက နှစ်စဉ်ရောင်းရငွေ ယူရို (၄၀၀) သန်းနှင့်အထက်ရှိသော လုပ်ငန်းများတွင် ရောင်းရ ငွေစုစုပေါင်း၏ ၂ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင် ရမည်ဖြစ်ပြီး  public procurement  လုပ်ငန်းများမှ ၃နှစ် ရပ်နားခံရမည်ဖြစ်ကာ Federal Office for Economics and Export Control က ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ပါသည်။ အများဆုံး ချိုးဖောက်ကျူးလွန်မှုများအတွက် ယူရို(၈)သန်းအထိ ဒဏ်ကြေး ပေးဆောင်ရန် သတ်မှတ်ထားပါသည်။

၂၀၂၁ ခုနှစ်စက်တင်ဘာလတွင်ကျင်းပမည့် ဖက်ဒရယ်ရွေးကောက်ပွဲအပြီး ရွေးချယ်ခံရ မည့် အစိုးရသစ်အနေဖြင့် ဥပဒေ အားကောင်းလာစေရန် လိုအပ်သည့် အဆင့်များကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဥပဒေအရ ကုမ္ပဏီများအနေဖြင့် ၂၀၁၁ ခုနှစ် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး၊ အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာအခြေခံမူ (၁၀) ချက်နှင့်အညီ ကလေး သူငယ်များခိုင်းစေမှု၊ အလုပ်သမားများကိုအတင်းအကြပ်ခိုင်းစေမှု၊ နှိပ်စက်မှုတို့မရှိစေရန်၊ လုပ်ငန်းခွင်လုံခြုံမှု၊ ကျန်းမာရေးကာကွယ်စောင့်ရှောက်ပေးမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပိုင်း ကာကွယ်ထားမှု (ဥပမာ-ညစ်ညမ်းသောရေသုံးစွဲမှုမပြုလုပ်ခြင်း)နှင့် သင့်တော်သည့် လုပ်ခလစာ ပံ့ပိုးမှုတို့ရှိရန် လိုအပ်မည် ဖြစ်သည်။  ဥရောပ သမဂ္ဂအဖွဲ့အနေဖြင့်လည်း ဂျာမနီနိုင်ငံပြီးနောက် Supply Chains ဥပဒေပြုရေး လုပ်ငန်း ရပ်များ စီစဉ်ထားရှိမှုများကို ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွက် ဥပဒေတစ်ခုတည်းဖြစ်စေရန် ဆက်လက်ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ကုလသမဂ္ဂ၏အခြေခံမူများနှင့်အညီ စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုများအတွက် အမျိုးသား အဆင့် လုပ်ငန်းစီမံချက်များကို ချမှတ်ပြီး စောင့်ကြည့်လေ့လာမှုများဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့သော ကုမ္ပဏီပေါင်း (၄၀၀) ခန့်အနက် ၂၀ ရာခိုင်နှုန်းခန့်နှင့် ၂၀၂၀ ခုနှစ်တွင် လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့သော ကုမ္ပဏီပေါင်း (၄၅၀) ခန့်အနက် ၁၇ ရာခိုင်နှုန်း ခန့်တို့မှာ သတ်မှတ်ချက်များအတိုင်းလိုက်နာ ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပြီး နောက်နိုင်ငံတော်အဆင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့်လည်း  EU Conflict Minerals Regulation သို့မဟုတ်  EU CSR Directive  ကဲ့သို့သောသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားမှုများလည်း ရှိနေပြီဖြစ်ပါသည်။

Supply Chains ဥပဒေနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းသည့် အွန်လိုင်း ဆွေးနွေးပွဲ ကို ၂၀၂၁ ခုနှစ် ဇွန်လ(၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘာလင်မြို့ မြန်မာ သံရုံးမှ သံအမတ်ကြီး ဦးဆောင်၍ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Federal Foreign Office ၏ Economic and Trade Policy, Business and Human Rights  ဌာနမှ ညွှန်ကြားရေးမှူး Mr. Alexander Schönfelder နှင့် Federal Ministry for Labour and Social Affairs ၏ Head of Unit for Corporate Social Responsibility မှ ညွှန်ကြားရေးမှူး Ms. Susanne Gasde တို့က ဥပဒေတွင် ပါဝင်ရေးဆွဲထားသည့်အဓိက အချက်များ၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်မှု၊ ကုမ္ပဏီများက တာဝန်ယူလိုက်နာဆောင်ရွက်ရမည့် အစီအမံ များ၊ အရေးယူဆောင် ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Source: https://www.hrw.org/news/2021/06/11/germany-new-supply-chain-law-step-right-direction

သီတာဝင်းဌေး၊ စီးပွားရေးသံမှူး

ဘာလင်

Loading