ပြည်ပသတင်းများ

စတင်ဝင်ရောက်လာသူ (၃၆၆) ဉီးဖြင့် ဖူးခက်အားပြန်လည် စတင်ဖွင့်လှစ်ခြင်း

ထိုင်းနိုင်ငံတောင်ပိုင်းရှိ အခြားဒေသများကိုပါ ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော ဖူးခက်စမ်းသပ် အစီအစဉ် Phukhet Sandbox ၏ ပထမဆုံး(၁၄) ရက်သည် အရေးပါသော   အစီအစဉ် တစ်ခုဖြစ် လိမ့်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ပြောကြား လိုက်ကြောင်းသိရှိရပါသည်။ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Phiphat Ratchakitprakarn က ခရီးသွား (၅၀၀) သည် ကြာသာပတေးနေ့(၁-၇-၂၀၂၁ရက်နေ့)တွင် ဖွင့်လှစ်မည့်ဖွင့်ပွဲတွင်ဖူးခက် ကျွန်းသို့ သွားရောက်ရန် ကြိုတင်စာရင်းပေးသွင်းမှု (Booking) ပြုလုပ်ထားခဲ့ကြသော်လည်း ဝင်ခွင့် လက်မှတ် Certificate of Entry(COE) အဆင်မပြေမှုများ  ဖြစ်ပေါ်ခဲ့ရခြင်းကြောင့် အချို့မှာ ၎င်းတို့၏ ခရီးစဉ်များကိုရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ နှောင့်နှေးမှု အတွက် လည်း စီစဉ်ထားရှိကြောင်းMr. Phiphat ကပြောကြားခဲ့ပါသည်။

ကမ္ဘာလှည့်ခရီးသွားများရောက်ရှိသည့်အခါ ၎င်းတို့အနေဖြင့် ခရီးသွားစာရွက်စာတမ်းရှင်းလင်းခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်ဖြစ်ပြီး Covid-19 swab test စစ်ဆေးခြင်းကို ခံယူရမှာ ဖြစ်ကြောင်း၊ ၎င်းမှာ မိနစ်(၃၀)ထက်ပိုမကြာပါကြောင်း၊ ၎င်းတို့အနေဖြင့် စမ်းသပ်မှု အဖြေကို တည်းခိုမည့်ဟိုတယ်တွင် စောင့်ဆိုင်းနိုင်ပါကြောင်း၊ လေဆိပ်သို့ရောက်ရှိသောအခါ ခရီးသည်(၁၈၀) အတွက် လုပ်ငန်းစဉ် တစ်ခုလုံးအပေါ် ကြာမြင့်ချိန် (၂) နာရီခန့်သာရှိမည်ဖြစ်ကြောင်း၊ ခရီးသည်များအားအုပ်စု(၆) စုခွဲခြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr.Phiphatက ပြောကြားခဲ့ ပါသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အီလက်ထရောနစ်   လုပ်ငန်းစဉ် ဖြင့်မဆောင်ရွက်မီ ပထမ(၁၄)ရက်အတွက် စာရွက်စာတမ်းများစစ်ဆေးခြင်းကို ဆောင်ရွက်မည် ဖြစ်ပါသည်။ ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့၏ အုပ်ချုပ်ရေးမှူး Yuthasak Supasorn ကပထမဆုံးနေ့တွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်လေးစင်းဖြင့်ရောက်ရှိလာသူခရီးသည်  စုစုပေါင်း(၃၆၆) ဉီးရှိကြောင်း၊  Ethihad Airways ဖြင့် (၂၅) ဉီး၊  Qatar Airways ဖြင့် (၁၃၆) ဉီး၊  El Al Israel Airways ဖြင့် (၁၃၇) ဉီး၊ Singapore Airways ဖြင့် (၆၈) ဉီးတို့ဖြစ်ကြောင်းသိရှိရပါသည်။ သို့ရာတွင် ဖူးခက်သဲသောင်ပြင်အစီအစဉ်အရ COE ပါရှိသည့်ခရီးသည်မှာ(၃၂၂)ဉီးသာရှိကြောင်း၊ ကျန်ရှိသူများမှာ Transit ခရီးသည်များ(သို့မဟုတ်) ကာကွယ်ဆေးမထိုးရသေးသည့် ခရီးသည်များ ဖြစ်ကြကြောင်းသိရှိရပါသည်။

ယမန်နေ့အထိ Phukhet Sandbox အစီအစဉ်အတွက် ပထမဆုံး (၇) ရက်အတွင်း ဝင်ခွင့်လက်မှတ် Certificate of Entry(COE) ရရှိပြီးသူ (၁,၀၇၅) ဉီးရှိကြောင်း၊ အခြားသော ခရီးသည် (၄၃၇) ဉီးမှာ (၂-၇-၂၀၂၁ရက်နေ့) တွင်ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့ (စနေနေ့) တွင် ခရီးသည် (၂၂၀) ဉီးနှင့် တနင်္ဂနွေနေ့တွင် ခရီးသည်(၈၈) ဉီးတို့ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယမန်နေ့(၁-၇-၂၀၂၁ရက်နေ့)က ဟိုတယ်ကြိုတင် စာရင်းပေးသွင်းထားသူ (၃၉၆)ဉီး  ရှိခဲ့ကြောင်း၊ ယနေ့(၂-၇-၂၀၂၁ရက်နေ့)တွင် (၅၉၆)ဉီးစာရင်းပေးသွင်းကြမည်ဖြစ်ကြောင်း  သိရှိရ ပါသည်။ Mr. Phiphat က ဖူးခက်ကျွန်းတွင် နှစ်ပတ်အတွင်းရောဂါကူးစက်မှု မရှိပါက အစိုးရအနေ ဖြင့်၎င်း၏ အစီအစဉ်အတိုင်း ကော့စမွေ(Koh Samui) ကျွန်းအတွက် အစီအစဉ်အားဇူလိုင်လ(၁၅) ရက်နေ့တွင်လည်းကောင်း၊ ၎င်းနောက် ကရာဘိ(Krabi)နှင့်Phangnga ကျွန်းတို့အား   ဩဂုတ်လ တွင်လည်းကောင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ရောဂါကူးစက်မှုအသစ်မှာ ဖူးခက်စမ်းသပ် အစီအစဉ် Phukhet Sandbox အတွက် အကြီး မားဆုံးသောခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အကြောင်းမှာ ကျွန်းတွင် နှစ်ပတ်အတွင်းကူးစက် မှုအသစ် (၉၀) ကျော်ဖြစ်ပွားပါက ခရီးသည်များဝင်ရောက်မှုကို ရပ်ဆိုင်းရမည် ဖြစ်ခြင်းကြောင့် ဟုသိရှိရပါသည်။ ၎င်းက ဖူးခက်ရှိဆေးရုံမှာ အရေးပေါ်ကိစ္စအတွက် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများအနေဖြင့် တွေ့ဆုံဆွေးနွေးရန်ဆောင်ရွက်နေကြောင်း၊ ကပ်ရောဂါမျိုးကွဲကို ခွဲခြားသတ်မှတ်ရန်နှင့် အခြေအနေ အရပ်ရပ်အပေါ် ကိုင်တွယ်ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ Phukhet Sandbox အစီအစဉ်မှာ မအောင်မြင် နိုင်စရာမရှိကြောင်း၊ မိမိတို့အနေဖြင့် ၎င်းအတွက် ဖြစ်အောင်လုပ်ရန် အပြင်းအထန် တိုက်ခိုက် ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်းMr. Phiphat ကပြောကြားခဲ့ပါသည်။

အဆိုပါအစီအစဉ်က လုပ်ငန်းရှင်များ၏ ယုံကြည်ချက်နှင့်မျှော်လင့်ချက်များကို ဖြစ်ပေါ်တိုးတက်စေခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားသားခရီးသွားများကိုပြန်လည်ခေါ်ယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အောက်တိုဘာလလယ်တွင် တိုင်းပြည်အား ပြန်လည် ဖွင့်လှစ်ရန် သတ်မှတ်ထားချက်မှာ ကာကွယ်ဆေးထိုးနှံမှုအပေါ် ကြီးမားစွာမူတည်နေကြောင်း၊ သို့ရာတွင် ဝန်ကြီးဌာနအနေဖြင့် အဆိုပါအချိန်ဇယားအတိုင်း ဗန်ကောက်အားပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading