ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် (ပဲမျိုးစုံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံစျေးကွက်တွင် မတ်ပဲ (သင်္ဘောတင်)၊ ပဲစင်းငုံ (သင်္ဘောတင်)၊ ပဲတီစိမ်းများမှာ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များခြင်းနှင့် ပြောင်းလဲလိုက်သော မူဝါဒများကြောင့် အိန္ဒိယနိုင်ငံသို့ ယခုနှစ် အောက်တိုဘာလအထိ ပဲတင်သွင်းခွင့်ပြုထားကြောင်းသိရသည်။ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောလများအတွင်း မြင့်တက်လာသော ပဲစျေးနှုန်းများအား ထိန်းချုပ်ရန်နှင့် ယခုရာသီအတွင်း သိုလှောင်ပဲ လက်ကျန်ပမာဏ လျော့နည်းနေခြင်းအားဖြည့်ဆည်းရန် မာလာဝီနိုင်ငံမှ နှစ်စဉ် ပဲစင်းငုံတန်ချိန် (၅၀၀၀၀) နှင့် မြန်မာနိုင်ငံမှ နှစ်စဉ် ပဲစင်းငုံ တန်ချိန် (၁၀၀၀၀၀) စီအား (၅) နှစ်အတွက် ဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပဲစင်းငုံ (သင်္ဘောတင်) စျေးနှုန်းများမှာ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲစျေးနှုန်းများ မြင့်တက်နေမှုအား ထိန်းချုပ်လျက်ရှိခြင်းကြောင့် ကုန်သည်ဝယ်လက်များမှ ချိန်ဆဝယ်ယူမှုများ ရှိလာခြင်းကြောင့် စျေးမြင့်ရာမှ ရက်ပိုင်းအတွင်း စျေးပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် မြန်မာ့ပဲစင်းငုံအပြင် မာလာဝီ၊ တန်ဇန်းနီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ထံမှလည်း ပဲစင်းငုံများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ အိန္ဒိယကုန်သည်များသည် များမကြာမီ ပြည်ပမှ ပဲစင်းငုံများ မှန်မှန်ဝင်ရောက်လာဖွယ်ရှိခြင်းကြောင့် ချိန်ဆဝယ်ယူခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယပြည်တွင်းစျေးများ စျေးနိမ့်ခဲ့ခြင်းကြောင့် မြန်မာပဲစင်းငုံများမှာလည်း ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် (၁၁၀၅၀၀၀) ကျပ် မှ (၁၀၉၂၅၀၀) ကျပ်သို့ နိမ့်ခဲ့သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက်ရှိခဲ့ပြီး ပဲစင်းငုံ (သင်္ဘောတင်) မှာ ကုန်‌သေတ္တာ (၁၅) လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

မတ်ပဲ (သင်္ဘောတင်) စျေးနှုန်းများမှာလည်း အလားတူ အခြေအနေများ ဖြစ်ပေါ်ခဲ့‌ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော လများအတွင်း မြင့်တက်လာသော ပဲစျေးနှုန်းများအား ထိန်းချုပ်ရန်နှင့် ယခုရာသီအတွင်း သိုလှောင်ပဲ လက်ကျန်ပမာဏ လျော့နည်းနေခြင်းအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲ တန်ချိန် (၂၅၀၀၀၀) အား (၅) နှစ် အတွက်ဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဓိက ဝယ်လက်ဖြစ်သော် အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက် မတ်ပဲအသစ်အချို့ စျေးကွက်သို့အဝင်ရှိလာခြင်း၊ မြန်မာမတ်ပဲများ အိန္ဒိယသို့ ပုံမှန်ဝင်ရောက်မှုရှိလာခြင်း၊ အထက်ပါ အခြေအနေများကြောင့် အိန္ဒိယကုန်သည်များနှင့် ပဲခွဲစက်များမှ အရောင်းအဝယ်အေးလာခြင်းစသည့် အခြေအနေများကြောင့် မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် (၁၁၀၈၅၀၀) ကျပ်မှ (၁၀၉၄၀၀၀) ကျပ်သို့ ယခင်အပတ်ထက် စျေးနိမ့်ခဲ့သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၄၀) လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ စျေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းလာခြင်း၊ အိန္ဒိယဝယ်လက်အပြင် ဥရောပသမဂ္ဂမှ ပုံမှန် ဝယ်ယူမှုရှိခြင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း နယ်စပ်ဂိတ်များမှ တင်ပို့ရန် ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် (၃) တင်း / (၆၀ပိဿာ)လျှင် (၁၁၅၀၅၀) ကျပ် မှ( ၁၁၈၅၀၀) ကျပ်သို့ စျေးမြင့်ခဲ့သည်။

အေးသန္တာဝင်း

ရန်ကုန်စျေးကွက်

စီမံကိန်းဦးစီးဌာန

၂၃-၆-၂၀၂၁

Loading