ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ အမဲသား၊ ကော်ဖီနှင့် ပြောင်းဈေးကွက် အခြေအနေများ

အမဲသားလက္ကားဈေးကွက်တွင် ဝယ်လိုအားကျဆင်း

ဘရာဇီးလ်နိုင်ငံ၏အချို့ဒေသများတွင် နွားဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိနေပြီး São Paulo ပြည်နယ်တွင် နွားအရှင် ၁ arroba(၁၄.၇ ကီလိုဂရမ်)လျှင် ဘရာဇီးလ်ဟဲရာ ၃၁၂ ဖြင့် ရောင်းဝယ်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

နွားအရှင်ဈေးကွက်တွင် B3 အမျိုးအစား နွားဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ ဈေးကွက်စတင်ဖွင့်လှစ်ချိန်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွက် နွား ၁ Arroba ၏ ကြိုပွိုင့်ဈေးနှုန်းမှာ ဟဲရာ ၃၄၇.၅၀ ဖြစ်ကြောင်း၊ ဈေးကွက်ပိတ်ချိန်တွင် ဟဲရာ ၃၄၅.၆၀ဖြင့် ဈေးပိတ်ခဲ့ပြီး ၀.၅၇ ရာခိုင်နှုန်းပိုမိုမြင့်တက်ခဲ့ကြောင်း  လယ်ယာစိုက်ပျိုးရေးအကြံပေးကုမ္ပဏီ Agrifatto Consultoria ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသားလက်လီရောင်းချမှုများတွင်ကျဆင်းနေသဖြင့် လက္ကားဈေးကွက်တွင် အမဲသားဝယ်လိုအား အနည်းငယ်လျှော့ကျလျက်ရှိကြောင်း၊ သို့သော် ဇွန်လတွင် အမဲသားဝယ်လိုအားများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း၊ အသားလက်လီဈေးကွက်တွင် အမဲသား ၁ ကီလိုလျှင် ဘရာဇီးလ်ဟဲရာ ၁၈.၆၅ ဖြင့် ရောင်းချနေကြောင်း သတင်းတွင်ဖော်ပြထားသည်။

        ————————————————————————

အာရေဗီကာကော်ဖီသီးများ စတင်ခူးဆွတ်နေသော်လည်း ကော်ဖီဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျက်ရှိ

လတ်တလောရက်များတွင် ဘရာဇီးလ်နိုင်ငံရှိ ကော်ဖီစိုက်ခင်းများမှ ကော်ဖီးသီးများ စတင်ဆွတ်ခူးလျက်ရှိကြောင်း၊ ဆွတ်ခူးရရှိသည့် ကော်ဖီသီးထွက်ရှိမှုအခြေအနေအရ လာမည့်ရက်သတ္တပတ်များတွင် ဈေးကွက်အတွင်းသို့ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီသီး လှိုင်လှိုင်ဝင်ရောက်မည့်အချိန်မှာ ဇွန်လအလယ်မှ ဇူလိုင်လ လဆန်းပိုင်း အကြားကာလဖြစ်ကြောင်း အသုံးချဘောဂဗေဒ လေ့လာရေးဌာနမှ သုတေသနပညာရှင်များကထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ကော်ဖီသီးရိတ်သိမ်းချိန်ဖြစ်သော်လည်း ဈေးကွက်တွင် ကော်ဖီစေ့ဈေးနှုန်းများ မြင့်တက်နေသဖြင့် နောက်ရာသီတွင် ထွက်ရှိမည့် ကော်ဖီစေ့အတွက် ကြိုပွိုင့်ဝယ်ယူသူများအပေါ် ဖိအားသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မေလဆန်းမှစတင်၍ ဈေးကွက်တွင် အာရေဗီကာကော်ဖီစေ့ ဈေးနှုန်းများမြင့်တက်ခဲ့ရာ ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်မှု ပိုမိုသိသာလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မေလ ၂၅ ရက်(အင်္ဂါနေ့) ကော်ဖီဈေးကွက်တွင်  အာရေဗီကာကော်ဖီစေ့ နံပါတ်( ၆ ) တစ်အိတ်၏ဈေးနှုန်းသည် ဘရာဇီးလ်ဟဲရာ ၈၂၅.၁၁ ဖြင့်ဈေးပိတ်ခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့ ပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျက်ရှိနေသဖြင့် ဘရာဇီးလ်ကော်ဖီစေ့များအား နယူးယောက်စတော့ဈေးကွက်တွင်တင်၍ ရောင်းဝယ်မှုများ အဓိကလုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

                        ————————————————————–

မိုးရေချိန်အပြည့်အဝရွာသွန်းနိုင်ကြောင်း ခန့်မှန်းချက်များကြောင့် ပြောင်းဝယ်ရောင်းစာချုပ်ချုပ်ဆို မှု ၅.၆ ရာခိုင်နှုန်းကျဆင်း

ဘရာဇီးလ်နိုင်ငံရှိ Campinas/SP ဈေးကွက်တွင် ပြောင်း ၁ အိတ်လျင် ဘရာဇီးလ်ဟဲရာ ၁၀၀ နှုန်းဖြင့် ပေါက်ဈေးဖြစ်ပေါ်လျက်ရှိသဖြင့် မြေပြင်နှံစားသီးနှံဈေးကွက်တွင် ဈေးအနည်းငယ်ကျရိပ်ဖြစ်ပေါ်နေကြောင်း၊  B3 အမျိုးအစားပြောင်းများ၏ ဈေးကွက်သို့ပိုမိုဝင်ရောက် လာမည့်အခြေအနေကြောင့် ဈေးနှုန်းကျဆင်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ဇူလိုင်လအတွက် ပြောင်းကြိုပွိုင့်ရောင်းဝယ်မှုတွင် ပြောင်း ၁ အိတ်လျင် ဟဲရာ ၉၁.၄၅ ပေါက်ဈေးဖြစ်ပေါ်နေပြီး ၁.၀ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ရောင်းဝယ်ရေး အကြံပေးကုမ္ပဏီ Agrifatto Consultoria ၏ သတင်းတွင် ဖော်ပြထားသည်။

သီးနှံများစိုက်ပျိုးရာသီတွင် မိုးရေချိန်လုံလောက်စွာရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များနှင့် အမေရိကန်နိုင်ငံတွင် ပြောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးမည့်သတင်းများကြောင့် မေလ ၂၅ ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက်၌ ပြောင်းဈေးနှုန်းများ ကျရိပ်ပြလျက်ရှိခဲ့သည်။ ထို့အပြင် ဇူလိုင်လအတွက် ပြောင်းကြိုပွိုင့်ရောင်းဝယ်မှုများတွင် ပြောင်း ၁ စည်လျှင် ဟဲရာ ၆.၂၀ ဈေး ပေါက်ခဲ့ပြီး ယခင်နေ့နှင့်နှိုင်းယှဉ်ပါက ၅.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဈေးကွက်သတင်းတွင် ဖော်ပြထားသည်။

 သတင်းရင်းမြစ် – canalrural.com.br

 ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

 ဘရပ်ဆဲလ်

Loading