ပြည်ပသတင်းများ

အမေရိကန်နိုင်ငံနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ ဖြေလျှော့

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့် အဝထိုးပြီးသူများ (Pfizer (သို့မဟုတ်) Moderna ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်ပြည့်ပြီးသူ (သို့မဟုတ်) Johnson & Johnson’s Janssen ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်ပြည့်ပြီးသူ)ကို နှာခေါင်းစည်းဝတ်ခြင်း၊ ၆ ပေအကွာနေရန်မလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ၁၃-၅-၂၀၂၁ ရက်နေ့တွင် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေးဌာန (Centers for Disease Control and Prevention –  CDC) က ကြေညာခဲ့ပါသည်။

အဆိုပါလမ်းညွှန်ကြေညာချက်အသစ်အရ အမေရိကန်နိုင်ငံအတွင်း ခရီးသွားလာသည့်အခါ ခရီးမသွားခင် (သို့မဟုတ်) ခရီးသွားပြီးနောက် ဆေးစစ်စရာမလိုအပ်တော့ကြောင်း၊  ခရီးသွားပြီးနောက် သီးသန့်နေရန်လည်း မလိုတော့ကြောင်း၊ သို့သော်  ဘတ်စ်ကား၊ လေယာဉ်နှင့် ခရီးသွားသည့်အခါနှင့် ဆေးရုံ၊ ထောင်တွင် တပ်ဆင်ရန်လိုအပ်ကြောင်း သိရပါသည်။  အမေရိကန်နိုင်ငံပြင်ပသို့ ခရီးသွားမည်ဆိုပါက သွားရောက်မည့် နိုင်ငံ/နေရာတွင် ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊  သွားရောက်မည့် နိုင်ငံမှ တောင်းဆိုမှုမရှိပါက ခရီးမသွားမီဆေးစစ်သွားရန် မလိုအပ်တော့ကြောင်း၊ အမေရိကန်နိုင်ငံသို့ လာရောက်မည့် ခရီးသည်များအနေနှင့် ခရီးမသွားခင် ၃ ရက်မှ ၅ ရက်အတွင်းဆေးစစ်ထားသည့် ကိုဗစ်ရောဂါကူးစက်မှုမရှိသည့် အထောက်အထား (Negative Test Result) အား နိုင်ငံတကာလေယာဉ်ပေါ်သို့ မတက်ရောက်မီ ပြသရန်လိုအပ်နေသေးကြောင်း လေ့လာသိရှိရပါသည်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်မှုတွင် အမေရိကန်အနေနှင့် ပိုမိုကူညီဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်သီတင်း ၆ ပတ်အတွင်း အခြားနိုင်ငံများသို့ ကာကွယ်ဆေးအလုံးရေ သန်း ၈၀ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် AstraZeneca ဆေး အလုံးရေ သန်း ၆၀ ကို အခြားနိုင်ငံများသို့ စတင်ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ အမေရိကန်ပြည်တွင်းသုံးစွဲရန် ခွင့်ပြုထားသည့် (Pfizer၊ Moderna နှင့် Johnson & Johnson) ကာကွယ်ဆေးများ ပိုလျှံလာသည့်အတွက် လာမည့်ဇွန်လကုန်ပိုင်းတွင် ကမ္ဘာ့နိုင်ငံများသို့ ကာကွယ်ဆေးအလုံးရေ သန်း ၂၀ ထပ်မံဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း  သမ္မတဘိုင်ဒင်က အိမ်ဖြူတော်တွင် ၁၇-၅-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

CDC မှ စည်းကမ်းဖြေလျှော့မှုများ ကြေညာခဲ့သော်လည်း ပြည်နယ်များနှင့်ဒေသများမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ အဆိုပါကြေညာချက်သည် ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူနှင့် မထိုးပီးသူများအကြား ရောထွေးနိုင်သည့် အတွက် ရှင်းလင်းမှုမရှိဟုဝေဖန်မှုများလည်းရှိပါကြောင်း၊ BJ’s Wholesale ClubCostco၊ CVS၊ PublixSam’s ClubSproutsStarbucksTargetTrader Joe’s နှင့် Walmart ဈေးဝယ်နေရာများတွင် နှာခေါင်းစည်းဝတ်ရန်မလိုတော့သော်လည်း Albertsons၊ Apple၊ Home Depot၊ Kroger၊ Macy’s၊ Meijer၊ Walgreensနှင့် Winn-Dixie ဈေးဝယ်နေရာများတွင်မူ နှာခေါင်းစည်းဝတ်ရန် ဆက်လက်၍ စည်းကမ်းသတ်မှတ်ထားပါသည်။

အမေရိကန်နိုင်ငံ CDC ၏ ၁၉-၅-၂-၂၁ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၃၂,၇၉၅,၇၈၀ ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၆၀.၀ ရာခိုင်နှုန်းနှင့် သေဆုံးသူ ၅၈၃,၅၉၆ ဦး ရှိပြီဖြစ်ပါသည်။

ခင်မြမြထွေး၊ စီးပွားရေးသံမှူး

ဝါရှင်တန်မြို့

Loading