ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြန့်ပွားနေချိန်အတွင်း ဂျပန်လူငယ်များ၏ အပြုအမှုပြောင်းလဲ လာမှုတစ်ခုအဖြစ် လက်ဖက်စိမ်းရေနွေးကြမ်းသောက်နှုန်း မြင့်တက်လာခြင်း

ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း၀န်ကြီးဌာန (MAFF) မှ ဆောင်ရွက်ခဲ့ သည့် စစ်တမ်းတစ်ခုအရလူငယ်မျိုးဆက် (အသက် ၁၈ နှစ်မှ ၂၉နှစ်အထိ) ၏ ၂၅% သည် လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) သောက်သုံးမှုအရေအတွက် မြင့်တက်လာကြောင်း သိရှိရပါသည်။

အဓိကအကြောင်းအရင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန် လူငယ်များ အနေဖြင့် နေအိမ်တွင်သာအချိန်ကြာကြာနေထိုင်လာမှုနှင့် ကျန်းမာရေးပိုမိုလိုက်စားလာခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ PET Bottle ဖြင့် အသင့်ထုတ်ပိုးထားသည့် လက်ဖက်စိမ်း ရေနွေးကြမ်းဗူးများ သောက်သုံးမှုပိုမိုလာပါသည်။ လက်ဖက်ခြောက်သက်သက် သောက်သုံးမှု သာမက အသင့်သောက်သုံးသည့် ရေနွေးကြမ်းဗူးများတွင်ကျယ်လာသည့် စားသုံးမှုပုံစံပါ ပြောင်း လဲလာကြောင်းတွေ့ရပါသည်။

စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း၀န်ကြီးဌာန (MAFF) သည်ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအလယ်မှ နို၀င်ဘာလအစောပိုင်းအထိ လက်ဖက်ရည်ကြမ်းသောက် သုံးခြင်းနှင့် ပတ်သက်၍ သဘောထားအမြင်နှင့် ရည်ရွယ်ချက်ဆိုင်ရာ စစ်တမ်းကိုအသက် ၁၈ နှစ်ကျော်အရွယ် ကျား/မအရေအတွက် ၁၀၀၀ ဉီးတို့အား ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။

လက်ဖက်ခြောက်အသုံးပြုသည့် လက်ဖက်ရည်သောက်သုံးသူ အရေအတွက်သည် မျိုးဆက်အားလုံးတွင် ၁၄%  ရှိခဲ့သော်လည်း အသက် ၁၈ နှစ်မှ ၂၉ နှစ်အထိ လူငယ်များ၌ “ပိုမိုများပြားလာခြင်း” သို့မဟုတ် “အနည်းငယ်များပြားလာခြင်း” ကိုဖြေဆိုသူများသည် ၂၅% ရှိခဲ့ပါသည်။ ထိုသို့ တိုးပွားလာသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ဖြေကြားချက်များအရ အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ် ၅၇% က ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေချိန်၌ နေအိမ်တွင် နေထိုင်သည့် အချိန်ပိုလာခြင်းကြောင့် ဖြစ်သည်ဟုဆိုပါသည်။ နေအိမ်တွင် အပန်းဖြေရန် အချိန်ပိုရခြင်းကြောင့်ဖြစ်သည်ဟု ဖြေကြားသူ ၄၇%၊ ကျန်းမာရေးအတွက် အရေးပါသောကြောင့်ဟု သောက်သုံးခြင်းဟု ဖြေကြားသူ ၄၄% နှင့် မိသားစုနှင့်အတူ အချိန်ဖြုန်း ရန် အချိန်ပို၍ရှိခြင်းကြောင့် သောက်သုံးခြင်းဖြစ်ကြောင်းဟု ဖြေကြားသူ ၂% ရှိကြောင်း သိရပါ သည်။

ထိုကြောင့် လက်ဖက်ခြောက်ဝယ်ယူမှုသည် စူပါမားကက်များမှ ဝယ်ယူမှု၇၅%၊ အင်တာနက်မှ တစ်ဆင့်ဝယ်ယူမှု ၃၀% နှင့်လက်ဖက်ခြောက်သီးသန့် ရောင်းချသည့်ဆိုင်များမှ ဝယ်ယူမှု ၂၉%၊ ဆေးဆိုင်နှင့်စတိုးဆိုင်များမှ ဝယ်ယူမှု  ၂၁% စသည်ဖြင့် အသီးသီးမြင့်တက်လာ ခဲ့ပါသည်။

ထိုအပြင် အင်တာနက်မှ တစ်ဆင့် လက်ဖက်ခြောက် ဝယ်ယူမှုများပြားလာသည်ဟု ဖြေကြားမှုများအရ အသက် ၆၀ ကျော်အရွယ်များ၏ ဝယ်ယူမှုသည် ၄၂% ရှိပြီး အမြင့်ဆုံးဖြစ် ကြောင်း သိရပါသည်။ ၎င်းနောက်အသက် ၇၀ ကျော်သူများ၏ ဝယ်ယူမှုမှာ ၃၆%၊ အသက်၁၈ နှစ်မှ ၂၉ နှစ် အရွယ်မျိုးဆက်များ၏ ဝယ်ယူမှုသည် ၃၃% အသီးသီးရှိကြောင်း သိရပါသည်။ သက်ကြီးရွယ်အိုလူဦးရေ မြင့်တက်လာခြင်းကြောင့် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေး (E-Commerce) ကိုအသုံးပြုမှုသည်လည်း လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရပါသည်။ လက်ဖက်ရည်ကြမ်းသည် အခြားအဖျော်ယမကာများနှင့် နှိုင်းယှဉ်ပါက ဝေစုရှယ်ယာများ ကျဆင်းနေသည့်အတွက် လက်ဖက်ရွက်ဝယ်လိုအား လျော့ကျခဲ့ခြင်းဖြစ်ပါသည်။ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်တွင် စီးပွားရေးအရ ဝယ်လိုအားကျဆင်းခြင်းနှင့် စျေးကွက် ကျဆင်းခြင်းများမှ လျော့ပါးစေရန် လက်ဖက်ခြောက်နှင့် လက်ဖက်ရည်ကြမ်းသောက်သုံးမှုကို စားသုံးသူများအကြား လှုံ့ဆော်ပေးရန်လိုအပ်လာပါသည်။              ထိုကြောင့် စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန (MAFF) သည် ပြည်သူများ အကြားလက်ဖက်ခြောက်နှင့် လက်ဖက်ရည်ကြမ်းသောက်သုံးမှု အလေ့အထအခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များအကြား လက်ဖက်ရည်ကြမ်းသောက်သုံးမှု ပိုမိုမြင့်တက်လာ စေရန် လက်ဖက်ခြောက်ထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်။ The Japan Agri News

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး (တိုကျိုမြို့)

Loading