ပြည်ပသတင်းများ

ဂျပန်နိုင်ငံ၏ စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးများ ဆက်တိုက်ကျဆင်းခဲ့

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ထွက်ရှိမှုတန်ဖိုးသည် ၂၀၁၉ ခုနှစ်အတွင်းကယန်း ၈.၈၉၃၈ ထရီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ တန်ဖိုးထက် ၁.၈ % လျော့နည်းခဲ့ကြောင်းနှင့် ၂ နှစ် ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) က ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အချိန်မှ အစပြုကာစိုက်ပျိုးရေးထွက်ကုန်တန်ဖိုးသည် ယန်း ၉ ထရီလီယံအောက် လျော့ကျလာခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြသည့်အတွက် စိုက်ပျိုးရေးထွက်ကုန်စျေးနှုန်းများ ကျဆင်းလာခြင်းဖြစ် ကြောင်း (MAFF) ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။

စီရင်စုဒေသ ၃၆ ခုတွင် စုစုပေါင်း စိုက်ပျိုးရေးထွက်ကုန်တန်ဖိုးများ သိသိသာသာ ကျဆင်း လာခဲ့ကြောင်း၊ ထိုသို့ကျဆင်းလာမှုကြောင့် စိုက်ပျိုးရေးသမားများ၏ ဝန်ငွေသည် ယခင် ၂၀၁၈ ခုနှစ်၌ ရရှိှိခဲ့သည့် ယန်း ၃.၃၂၁၅ ထရီလီယံ၏ ၄.၈ %  ကျဆင်းခဲ့ကြောင်း သိရပါသည်။ စုစုပေါင်း စိုက်ပျိုးရေးထွက်ကုန်တန်ဖိုးသည် ၁၉၈၄ ခုနှစ်ကယန်း ၁၁.၇၁၇၁ ထရီလီယံအဖြစ် အမြင့်ဆုံး ရရှိခဲ့ပြီး နောက်ပိုင်းကာလကြာရှည်စွာ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရပါသည်။

၎င်းနောက် ၂၀၁၅ ခုနှစ်တွင် ယန်း ၉.၂၇၄၂ ထရီလီယံတန်ဖိုးဖြင့် ပြန်လည် မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိသုံးနှစ်ဆက်တိုက် တန်ဖိုးမြင့်တက်လာပါသည်။ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးများစိုက်ပျိုးထွက်ရှိမှုသည် ထိုသို့ အတက်အကျဖြစ်နေသည့် စုစုပေါင်း စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးအပေါ် များစွာသက်ရောက်စေသည်ဟု (MAFF) ဝန်ကြီးဌာနက ထောက်ပြခဲ့ပါသည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့အကြားဟင်းသီးဟင်းရွက်နှင့် အသီးအနှံများပေါများစွာ ထွက်ရှိသဖြင့် စျေးနှုန်းများကျဆင်းလာပြီး စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုး လျော့ကျလာ ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် စိုက်ပျိုးထွက်ရှိမှုကျဆင်းခဲ့ပြီး ဟင်းသီးဟင်းရွက် စျေးနှုန်းများမြင့်တက်လာခြင်းကြောင့် စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာ မြင့်တက်ခဲ့ပါ သည်။ စပါးစိုက်ပျိုးမြေဧရိယာများ လျော့ကျခဲ့သဖြင့် ဆန်စျေးနှုန်းများမြင့်တက်ခဲ့ပြီး စုစုပေါင်း စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာလည်း မြင့်တက်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွက် သီးနှံတစ်ခုချင်းစီအလိုက် စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၏တန်ဖိုးယန်း ၂.၁၅၁၅ ထရီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် ၇.၃ %  လျော့ကျခဲ့ပါသည်။ လတ်တလောအမြင့်ဆုံးပမာဏမှာ ၂၀၁၆ ခုနှစ်ကရရှိခဲ့သည့် ယန်း ၂.၅၅၆၇ ထရီလီယံဖြစ်ပါသည်။ ဟော့ကိုင်းဒိုးဒေသတွင် ရာသီဥတုကောင်းမွန်မှုကြောင့် ခရမ်းချဉ် သီး၊ ကြက်သွန်နီ၊ မုံလာဥနီ၊ နှင်းဆီပန်းများ၊ ကြက်သွန်မြိတ်၊ မုံလာထုတ်နှင့် မုံလာဥဖြူများ ပေါများစွာထွက်ရှိခဲ့ပြီး စျေးနှုန်းများလည်း ကျဆင်းလာခဲ့ပါသည်။

ဟင်းသီးဟင်းရွက်စျေးနှုန်းများ ကျဆင်းလာသည့်အပြင် ကြက်ဥစျေးနှုန်းများလည်း ကျဆင်းလာသည့်အတွက် စုစုပေါင်းထုတ်ကုန်တန်ဖိုး ၅.၅%၊ တန်ဖိုးအားဖြင့် ယန်း ၄၅၄.၉ ဘီလီယံခန့်သာရှိခဲ့ကြောင်း သိရပါသည်။ ဝယ်လိုအားမြင့်တက်လာနိုင်သည်ဟု ယူဆချက်ဖြင့် ကြက်ဥထုတ်လုပ်မှုတိုးမြှင့်ခဲ့သည့်အတွက် စျေးနှုန်းများ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

သို့သော် အခြားသောစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်ကိုတွေ့ရပါသည်။ ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် ၁%  မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၁.၇၄၂၆ ထရီလီယံ၊ အမဲသားထုတ်လုပ်မှုမှာ ၃.၄% မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၇၈၈ ဘီလီယံ၊ မကျိုချက်ရသေးသည့် နွားနို့ထုတ်လုပ်မှုမှာ ၂.၁% မြင့်တက်လာပြီး၊ တန်ဖိုးအားဖြင့် ယန်း ၇၆၂.၈ ဘီလီယံ၊ အာလူးနှင့် ကန်စွန်းဥစသည်တို့ ထုတ်လုပ်မှုမှာ ၁.၉ % မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၁၉၉.၂ ဘီလီယံရရှိခဲ့ကြောင်း သိရ ပါသည်။

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး (တိုကျိုမြို့)

Loading