ပြည်ပသတင်းများ

အိန္ဒိယ၏ ပို့ကုန်အခွန်သက်သာခွင့် RoDTEP အစီအစဉ် အပေါ် အမေရိကန်က မေးခွန်းထုတ်

မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ အိန္ဒိယနိုင်ငံက ချမှတ်ဆောင်ရွက်လျက်ရှိသော ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ပေးအပ်မှု အစီအစဉ် (Remission of Duties and Taxes on Exported Products (RoDTEP) scheme) အပေါ် အမေရိကန်နိုင်ငံက မေးခွန်းများထုတ်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ ပြည်ပကုန်သွယ်ရေးမူဝါဒ၏ တစ်စိတ်တစ်ဒေသ အဖြစ် မိမိနိုင်ငံထွက်ပို့ကုန်များ၏ ပြည်ပဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်ရန်အတွက် အိန္ဒိယပို့ကုန်မြှင့်တင်မှုအစီအစဉ် (Merchandise Exports from India Scheme-MEIS) ကို ချမှတ် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၌ အမေရိကန်နိုင်ငံက WTO ၌ အငြင်းပွားမှုတင်သွင်းခဲ့သည်။ အဆိုပါ အငြင်းပွားမှုကိစ္စအပေါ် ၂၀၁၉ ခုနှစ်တွင် အရေးနိမ့်ခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် MEIS နှင့် RoSCTL ခေါ် အထည်အလိပ်ပို့ကုန်များအပေါ် ပေးအပ်လျက်ရှိသည့် အခွန်သက်သာခွင့် အစီအစဉ်တို့ကို ပြန်လည်ပြင်ဆင်ပေါင်းစပ်လျက် RoDTEP အစီအစဉ်အဖြစ် ၁-၁-၂၀၂၁ နေ့မှစတင် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည်။

အဆိုပါ RoDTEP အရပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်မြေဒေသ အလိုက်ကောက်ခံသည့် အခကြေးငွေများ၊ ကျောက်မီးသွေးအသုံးပြုမှု ထပ်ဆောင်းအခွန်များ၊ လျှပ်စစ် ဓာတ်အားခများ၊ သယ်ယူပို့ဆောင်မှုအတွက် အသုံးပြုရသည့် လောင်စာဆီအပေါ် ပေးဆောင်ရသော အခွန်များစသည့်တို့အပါအဝင် ပို့ကုန်အတွက်ပေးဆောင်ရသော သွင်းအားစု ဆိုင်ရာအခွန်အခများကို ကုန်စည်တင်ပို့ပြီးစီးချိန်၌ အစိုးရထံမှ ပြန်လည်ထုတ်ယူရရှိနိုင်မည်ဖြစ် သည်။

အိန္ဒိယ၏ RoDTEP အစီအစဉ်နှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက်များ၊ အကျုံးဝင်သည့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြန်လည်ထုတ်ပေးမည့် အခွန်အခနှုန်းထားများနှင့် လက်တွေ့ အကောင်အထည်ဖော်မှုအခြေအနေတို့ကို ရှင်းလင်းချက်ပေးရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ၏ အစည်းအဝေး၌ အမေရိကန်နိုင်ငံက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ လအတွင်း၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုခဲ့သည့်သွင်းကုန်အပေါ် အခြေခံ အကောက်ခွန်နှုန်းထားအပြင် စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်း အခွန် (Agriculture Infrastructure and Development Cess) အား သီးခြားကောက်ခံမည့် အစီအစဉ်နှင့် စပ်လျဉ်း၍ မည်သည့်အတွက် ၂ မျိုးခွဲခြားကောက်ခံရခြင်းဖြစ်ကြောင်းကိုလည်း မေးခွန်းထုတ်ခဲ့သည်။

အဆိုပါ WTO အစည်းအဝေး၌ အမေရိကန်နှင့် ဩစတေးလျနိုင်ငံတို့ကအိန္ဒိယ၏ ဝါဂွမ်း အပေါ် သွင်းကုန်အခွန်တိုးမြှင့်မှု၊ သကြားနှင့် ဇီဝလောင်စာ (Biofuel) တို့အတွက် ပို့ကုန်ဆိုင်ရာ အထောက်အပံ့များ ပေးအပ်မှုတို့အပေါ် ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့ကြသည်။ အလားတူ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုအား အရေအတွက်အရ ကန့်သတ်ထားရှိမှုနှင့် ပတ်သက်၍ ထိုသို့ လုပ်ဆောင်ခြင်းမှာ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး WTO ၏စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ မှုမရှိကြောင်း ပြောဆိုလျက် ဩစတေးလျ၊ ကနေဒါရုရှားနှင့် အမေရိကန်နိုင်ငံတို့က မေးခွန်း ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   US questions India’s RoDTEP scheme at WTO, 5-4-2021, Economic Times

  1. US to India: Explain new agri cess, RoDTEP scheme, 8-4-2021, Financial Express

Loading