ပြည်ပသတင်းများ

တရုတ်နိုင်ငံ၏ ကောက်နှံအရန်သိုလှောင်မှုအား ခိုင်မာသည့် အဆင့်၌ ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်

တရုတ်နိုင်ငံ၏ ဈေးကွက်သို့ စားနပ်ရိက္ခာပံ့ပိုးရောင်းချ ပေးနိုင်စွမ်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်နေပြီး၊ ကောက်နှံအရန်သိုလှောင်မှုကိုလည်း ခိုင်မာသည့်အဆင့်၌ ဆက်လက် ထိန်းထားနိုင်ကြောင်းနှင့်  စားနပ်ရိက္ခာဖူလုံမှု၏ အရေးပါသည့် အညွှန်းကိန်းဖြစ်သည့် ကောက်နှံ အသုံးပြုရန် ကုန်လက်ကျန်အချိုး (stocks-to-use ratio of grain) မှာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းမှ သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ သတိပေးအမှတ်၏ အထက်တွင် ရှိနေကြောင်း တရုတ်အမျိုးသားစားနပ်ရိက္ခာနှင့် မဟာဗျူဟာမြောက်အရန် သိုလှောင်မှု များ စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ Qin Yuyun က မတ်လ (၃၁)ရက်နေ့က ထုတ်ပြန်ကြေညာ လိုက်ပါသည်။

အဓိကအမျိုးအစားများဖြစ်သည့် ဆန်နှင့် ဂျုံတို့မှာ တစ်နှစ်ကျော်ဝယ်လိုအားအတွက် ပြည့်မီကြောင်း၊ မြို့ကြီးများနှင့် အလယ်အလတ်မြို့တော်များတွင် ရက်ပေါင်း (၂၀) ကျော်စာ ကုန်ချော အဆင့် ကောက်နှံနှင့် ဆီထွက်ကုန်များ ရောင်းနိုင်စွမ်းရှိကြောင်း၊ ကုမ္ပဏီများ၏ ကုန်စည် သိုလှောင်နိုင်စွမ်းနှင့် အရန်ကုန်စည်သိုလှောင်မှုပုံစံများအား အမြင့်ဆုံးဖြစ်အောင် ပြုလုပ်ထား ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် အခက်အခဲများနှင့် ကြုံလာပါက မိမိတို့၏စည်းမျဉ်း စည်းကမ်းများဖြင့် ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သိရပါသည်။

မြို့ကြီးများအပြင် ကျေးလက်အိမ်ထောင်စုများနှင့် မြို့နေလူထုများ၏ ကောက်နှံ သိုလှောင်စွမ်းမှာလည်း တိုးတက်လာပါသည်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ ဆောင်းဉီးရာသီ ကောက်နှံဝယ်ယူမှုလုပ်ငန်းများအား ချောမွေ့စွာဆက်လက်ဆောင်ရွက် နေဆဲဖြစ်ပါသည်။  မတ်လ (၂၅) ရက်နေ့၌ ကုမ္ပဏီများက ကောက်နှံမက်ထရစ်တန်ချိန် (၁၅၂) သန်းအား ဝယ်ယူထားကြပြီး ဖြစ်ပါသည်။ ဟေလုံကျန်းပြည်နယ်အစိုးရက အနိမ့်ဆုံးဝယ်ယူရမည့်ဈေးအား သတ်မှတ်ပေးသဖြင့် အရှေ့မြောက်ပိုင်းပြည်နယ်မှ လယ်သမားများ၏ အကျိုးအမြတ်များအား ကာကွယ်ပေးလျက်ရှိ ပါသည်။

တရုတ်နိုင်ငံတွင် နွေရာသီစိုက် ကောက်နှံများမှာ တစ်နှစ်ပတ်လုံး ကောက်နှံထွက်ရှိမှု၏ လေးပုံတစ်ပုံခန့်သာရှိသော်လည်း  အစိုးရဌာနများက ယခုနှစ်၏ ဝယ်ယူမှုများအတွက် စတင် ပြင်ဆင်လျက် ရှိပါသည်။ ဈေးကွက်ဝယ်လိုအားအပေါ် သုတေသနပြုရန်  ကွမ်တုန်းပြည်နယ်ကဲ့သို့ ကောက်နှံအများအပြားစားသုံးသည့် ဒေသများသို့ ကျွမ်းကျင်သူများအား စေလွှတ်ထားကာ၊ ဝယ်ယူရေးအလုပ်များအပေါ် လမ်းညွှန်မှုပြုရန်အတွက် ရှန်တုန်းနှင့် ဟာနန်ပြည်နယ်များအပါအဝင် အဓိက ထုတ်လုပ်နေသည့်ဒေသများသို့ လုပ်ငန်းအုပ်စုများအား  ဝယ်ယူရေးအဖွဲ့များကို စေလွှတ် ထားပြီးဖြစ်သည်ဟု သိရပါသည်။

ယခုအချိန်၌ တရုတ်နိုင်ငံတွင် တိရစ္ဆာန်အစာအတွက် ပြောင်းအသုံးပြုမှု သိသာစွာ မြင့်တက်လာပြီး၊ ဈေးနှုန်းများလည်းစံချိန်တင်လောက်အောင်မြင့်တက်လာပါသည်။

စားသုံးသည့် ဂျုံလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် သန်း (၉၀) ရှိပါသည်။  ယခင်နှစ် အတွင်းက တရုတ်နိုင်ငံမှ ဂျုံထုတ်လုပ်မှုမှာ တန်ချိန် (၁၃၄) သန်းဖြစ်ကာ၊ ပြည်ပမှ တန်ချိန် (၈.၃၈) သန်း တင်သွင်းခဲ့ရပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ခဲ့သော (၂၀၀၁) ခုနှစ်မှစ၍ အမြင့်ဆုံး ဖြစ်ခဲ့ပါသည်။ ယခုနှစ်တွင် ဂျုံစိုက်ဧရိယာနှင့် ရာသီဉတုအခြေအနေ ပိုမိုကောင်းမွန် သဖြင့်  ဂျုံအထွက်နှုန်းပိုမိုမြင့်မားနိုင်ကြောင်း သိရပါသည်။

ရင်းမြစ်၊ Chinadaily(၁-၄-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading