ပြည်ပသတင်းများ

ထိရောက်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအချက် အချာနေရာဖြစ်လာသည့် ကွမ်ရှီး

ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများနှင့် ဆက်သွယ်ထားပြီး ကမ္ဘာ့ဈေးကွက်များသို့ အပြည့်အဝ ဝင်ရောက်နေသည့် ဒေသဖြစ်ပါသည်။ ၎င်းဒေသသည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း ကျယ်ပြန့်လာစေရန်နှင့် တရုတ်နိုင်ငံ၏ (၁၄) ကြိမ် မြောက် (၅) နှစ်စီမံကိန်း (၂၀၂၁-၂၅) တွင် တံခါးဖွင့်ပေးမှုများအား ပံ့ပိုးပေးရန် ကူညီဆောင်ရွက် ပေးနေသည့်ဒေသလည်း ဖြစ်ပါသည်။

ပြည်ပမှ တင်သွင်းလာသည့် ကုန်တင်သင်္ဘောများ ကွမ်ရှီးဒေသရှိ ဆိပ်ကမ်းတစ်ခုခုသို့ ဆိုက်ရောက်လာပါက တင်သွင်းလိုသည့် ပြည်နယ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရန် ကုန်းလမ်းအသွယ်သွယ်ဖြင့် ပေါင်းကူးဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ပေါင်းစပ်ဆောင်ရွက် ပေးမှုများမှာ အပြည်ပြည်ဆိုင်ရာကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံလမ်းကြောင်း အသစ်များအဖြစ် လူသိများကာ (၂၀၁၇)ခုနှစ်မှစတင် လာခဲ့ခြင်းဖြစ်ပါသည်။

ယခုဆောင်ရွက်နေသည့် (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းအောက်၌ တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား ဤလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာစေရန်၊ ခရီးလမ်းကြောင်း အတိုဆုံးဖြစ်စေ ရန်၊ အကောင်းဆုံးဝန်ဆောင်မှုနှင့် ဈေးနှုန်းအချိုသာဆုံးဖြစ်စေရန် ကွမ်ရှီးက ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဤလမ်းကြောင်းအသစ်များကြောင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသများ မှာ ကမ္ဘာတစ်ဝှမ်းမှ ကုန်သွယ်ဖက်နိုင်ငံများနှင့် အပြန်အလှန် ဆက်သွယ်မှုများ ပိုမိုရရှိလာပါသည်။

(၂၀၂၀) ခုနှစ်တွင် ကွမ်ရှီးရှိပေပုပင်လယ်ကွေ့ဆိပ်ကမ်း၌ ဂိတ်ဆုံးသည့် ရထားခရီးစဉ် ပေါင်း (၄,၆၀၇) ခုရှိခဲ့ကာ (၂၀၁၇) ခုနှစ်ကထက် (၂၅) ဆ တိုးတက်လာခြင်းဖြစ်ပါသည်။ အလားတူ ကာလ၌ ပင်လယ်ကွေ့ဆိပ်ကမ်းမှ ဝန်ဆောင်မှုပေးခဲ့သည့် ပေ (၂၀) ကုန်သေတ္တာအလုံးရေပေါင်း (၅.၀၅) သန်းရှိခဲ့ကာ  ယခင်နှစ်ကထက် (၃၂) ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ၊ တရုတ်နိုင်ငံ၏ အဓိက ကမ်းရိုးတန်းဆိပ်ကမ်းများအနက် အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါသည်။

တရုတ်နိုင်ငံတောင်ပိုင်း၌ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းများအားလုံးတို့မှာ ကွမ်ကျိုး ဆိပ်ကမ်းပြီးပါက ဒုတိယနေရာတွင်ရှိကာ အာဆီယံနိုင်ငံများ၏ အဓိကဆိပ်ကမ်းများနှင့် ချိတ်ဆက် ထားသည့်အပြင် နိုင်ငံပေါင်း (၁၀၀) ကျော်၏ ဆိပ်ကမ်းပေါင်း (၂၀၀) ကျော်နှင့်လည်း ချိတ်ဆက် ထားပါသည်။

လက်ရှိဖွံ့ဖြိုးမှုအပေါ် အခြေခံလျက် အခြေခံအဆောက်အအုံများနှင့် ဆိပ်ကမ်းများ၌ အကောက်ခွန်ရှင်းလင်းခြင်းတို့အား အဆင့်မြှင့်တင်ရန်နှင့် စင်္ကြံ၏ ကုန်စည်ထောက်ပို့သယ်ယူ ပို့ဆောင်မှုစွမ်းရည်များအား တိုးချဲ့ရန် ရထားလမ်းများ ပိုမိုတည်ဆောက်ရန်တို့အား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်၊ China Daily(၉-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading