ပြည်ပသတင်းများ

ခရိုအေးရှားနိုင်ငံ၏ အမျိုးသားအဆင့် စီးပွားရေး ပြန်လည် ထူထောင်ရေး အစီအမံ ရေးဆွဲလျက်ရှိခြင်း

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ခရိုအေးရှားနိုင်ငံအစိုးရ၏ စီးပွားရေး နှင့် လူမှုရေးရာကောင်စီအစည်းအဝေး၌ အမျိုးသားအဆင့် ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင် စွမ်းရှိစေရေးအစီအစဉ် (National Recovery and Resilience Plan 2021-2023) မူကြမ်းကို တင်ပြခဲ့ကြောင်း ခရိုအေးရှားနိုင်ငံဝန်ကြီးချုပ် Andrej Plenković က ပြောကြားခဲ့ပါသည်။ ယင်းအစီအစဉ် (မူကြမ်း) ကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်တွင် အပြီးသတ်နိုင်ရေး ရည်ရွယ်ထားပြီး၊ ဥရောပကော်မရှင်၏ အတည်ပြုချက်ကို ဆက်လက်ရယူရန် လိုအပ်ပါသည်။

အဆိုပါအစီအစဉ်တွင် အီးယူ၏ Next Generation EU programme မှ ခရိုအေးရှား နိုင်ငံအတွက် ရန်ပုံငွေရယူဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံ ချက်များပါဝင်သည်။ ခရိုအေးရှားနိုင်ငံအနေဖြင့် အီးယူ၏ ပြန်လည်ထူထောင်ရေးအစီအမံမှ ရန်ပုံငွေ ရရှိနိုင်ရေးလျှောက်ထားရာတွင် အီးယူ၏ Green Transition နှင့် Digital Transition တို့ကို အထောက်အကူပြုမည့်စံနှုန်းများနှင့်အညီ လျှောက်ထားရခြင်းဖြစ်ပါသည်။

ခရိုအေးရှားနိုင်ငံ၏အမျိုးသားအဆင့် ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေး အစီအစဉ်မှာ နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူလာစေရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေ နိုင်သည်ဟု ခရိုအေးရှားနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များအသင်းအဖွဲ့နှင့် အလုပ်သမား အဖွဲ့အစည်းများက ပြောဆိုကြကြောင်း သိရသည်။ ရန်ပုံငွေများအနက် များပြားသည့် ပမာဏ ဖြစ်သော (၁၅) ရာခိုင်နှုန်းခန့်ကို ခရိုအေးရှားနိုင်ငံ၏ ပညာရေးကဏ္ဍမှ ရရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။

ရင်းမြစ် –   (Total Croatia News)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading