ပြည်ပသတင်းများ

နည်းပညာအသစ် အသုံးပြုမှုကြောင့် ပီလောပီနံပျိုးပင် ထုတ်လုပ်မှုတွင် ၁၀ ဆအထိ တိုးတက်

ပျိုးပင် လက်တွေ့စမ်းသပ်ထုတ်လုပ်မှုကို အလွယ်တကူ ရရှိနိုင်သော အထောက်အကူပြု ပစ္စည်းများ အသုံးပြု၍ မျိုးပွားမှုနည်းစနစ်အဆင့်ဆင့်အား ဖန်လုံအိမ်အတွင်း သုတေသနပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ အကိုင်းစတင်ထွက်ပေါ်ချိန်တွင်ရှိနေသည့်အရွက်ဖူးကို အသုံးပြု၍ မျိုးပွားသည့် နည်းစနစ်ကို တောင်သူလယ်သမားများကိုယ်တိုင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူများ နေ့စဉ်တွေ့ကြုံနေရသည့် ပျိုးပင်ရှားပါးမှုအခက်အခဲများ ကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်၍ မျိုးပွားသည့်နည်းစနစ်အသစ်ကို ဘရာဇီးလ်နိုင်ငံရှိ စိုက်ပျိုးရေး သုတေသနကုမ္ပဏီ (Brazilian Agricultural Research Company – Embrapa) က စမ်းသပ် သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အပင်၏ ရိုးတန်ကို အသုံးပြု၍ မျိုးပွားခြင်းအစားအရွက်ဖူးကို အသုံးပြု၍မျိုးထုတ်ယူသော နည်းစနစ်ကြောင့် ရိုးရာစိုက်ပျိုးရေး စနစ်ကို ၁၀ ဆအထိ တိုးတက်စေနိုင်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပီလောပီနံအရွက်များတွင် အပင်သစ်မျိုးပွားနိုင်သည့် အရွက်ဖူးများရှိကြောင်း၊ ရိုးတံ တစ်ခုတွင် မျိုးပွားနိုင်သည့်အရွက်ဖူး ၃၀ နှင့် ၄၀ အကြားပါရှိကြောင်း၊ တစ်နှစ်တာကာလတွင် ရာသီစက်ဝန်း ၄ ကြိမ်ဖြစ်ပေါ်သဖြင့် ရိုးတံတစ်ချောင်းမှ အပင်ပေါက် ၁၆၀ အထိ ရရှိနိုင်ကြောင်း၊ ပုံမှန်စိုက်ပျိုးနည်းစနစ်ထက် ၁၀ ဆ ပိုမိုကောင်းမွန်လာကြောင်း သုတေသနကုမ္ပဏီမှ ပီလောပီနံ နှင့် သစ်သီးဝလံစိုက်ပျိုးရေးနည်းစနစ်တာဝန်ခံ Eder Oliveira က ရှင်းလင်းပြောကြားခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့်လယ်သမားတိုင်း နည်းပညာများရရှိစေရေးအတွက်  မျိုးပွားသည့်နည်းစနစ်အသစ်ကို ရိုးရှင်းလွယ်ကူအောင်လုပ်ဆောင်ထားကြောင်း၊ အပင်ဖျက်ပိုးမွှား ထိန်းချုပ်ရေးအတွက် အပင်ပိုးမွှားလေ့လာရေးစီမံကိန်းများလုပ်ဆောင်နေသည့် ပိုးသတ်ဆေးအဖွဲ့ များနှင့် ပူးပေါင်းလုပ်ဆောင်ရန် စတင်ဆောင်ရွက်နေကြောင်းနှင့် ရလဒ်ကောင်းများရရှိရန် မျှော်မှန်း ထားကြောင်း၊အရွက်ဖူးကိုအသုံးပြု၍ ပျိုးပင်ဖောက်ရာတွင် ၈၀ ရာခိုင်နှုန်းကျော် အောင်မြင်မှုရရှိ ကြောင်း၊ ပျိုးခြံအဆောက်အအုံ၏ အနည်းဆုံးရှိရမည့်အကျယ်အဝန်းနှင့် စိုထိုင်းစအခြေအနေ သည် အပင်အညှောက်ဖောက်စ ပထမရက်သတ္တပတ်အချိန်တွင် အရေးကြီးကြောင်း Oliveira ၏ ရှင်းလင်းချက်အား သတင်းတွင် ဖော်ပြထားသည်။

မျိုးပွားမှု တီထွင်စမ်းသပ်လုပ်ဆောင်ခြင်းသည် ပီလောပီနံစိုက်ပျိုးရေးအတွက် အကျိုး များကြောင်း၊ မျိုးပွားခြင်းအား လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်းနှင့် ပျိုးခြံများတည်ဆောက်ရ လွယ်ကူခြင်းနှင့် အချိန်တိုအတွင်း မျိုးအမြောက်အများထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်များလျှော့ချနိုင်ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ အဆိုပါ ပျိုးပင်ထုတ်လုပ်သည့်စနစ်ကိုအသုံးပြုခြင်းဖြင့် စီးပွားဖြစ် စိုက်ပျိုးရေးတွင် ကြုံတွေ့နေရသော မျိုးထုတ်လုပ်ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် မြင့်မားနေမှုများကို ဖြေရှင်းနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် – New technique increases cassava seedling production by ten times, www.gov.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

Loading