ပြည်ပသတင်းများ

အရည်အသွေးနှင့်တီထွင်ဆန်းသစ်မှုတို့ကြောင့် စပိန်နိုင်ငံသည် အီးယူ၏သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဥယျာဉ်သဖွယ် ဖြစ်လာကြောင်း စပိန်စိုက်ပျိုးရေးဝန်ကြီးပြောကြား

အရည်အသွေး၊ တီထွင်ဆန်းသစ်မှုနှင့် စားသုံးသူလိုအပ်ချက်နှင့် ကိုက်ညီမှုစသည့် အချက်များ ပေါင်းစပ်လိုက်ခြင်းကြောင့် စပိန်နိုင်ငံသည်အီးယူ၏ အသီးအရွက်ဥယျာဉ် (vegetable garden) အဖြစ် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း စပိန်နိုင်ငံ၏စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ LuisPlanas က ပြောကြားခဲ့သည်။ စပိန်နိုင်ငံသည် တစ်နှစ်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံတန်ချိန်သန်း (၃၀) ကျော်ထုတ်လုပ်၍ ယင်းမှ နှစ်စဉ်ဝင်ငွေအဖြစ်ယူရို (၁၈) ဘီလီယံခန့် ရရှိနေပြီး၊ အီးယူတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံထုတ်လုပ်မှု၌ ဉီးဆောင်နိုင်ငံအဖြစ် ရှိနေပါသည်။ စပိန်နိုင်ငံ၏ စိုက်ပျိုးရေးစနစ် အောင်မြင်မှုသည် အရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ ဈေးကွက်နှင့်စားသုံးသူတို့၏ မျှော်မှန်းချက်နှင့် လိုအပ်ချက်များကို တုံ့ပြန်နိုင်စေမည့် ရောင်းချ နိုင်စွမ်းတို့အပေါ်တွင် မှီတည်နေခြင်းဖြစ်ကြောင်း Luis Planas ကပြောကြားခဲ့သည်။

အီးယူ၏စာရင်းအင်းအဖွဲ့အစည်း Eurostat ၏ စာရင်းများအရ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများသည် အီးယူ၏ လယ်ယာထွက်စားသောက်ကုန်ကဏ္ဍတွင် တန်ဖိုးအားဖြင့် အမြင့်ဆုံး စီးပွားရေးလုပ်ငန်းများအဖြစ် ကိုယ်စားပြုထားကြောင်းသိရသည်။ စပိန်နိုင်ငံအနေဖြင့် အချဉ်သီး မျိုးဝင် သစ်သီးများ (citrus fruits)၊ အနီရောင်အသီးများ၊ ဖရဲ/ သခွားသီးများ၊ ခရမ်းချဉ်သီးနှင့် ဟင်းသီးဟင်းရွက်များကို အဓိကစိုက်ပျိုးထုတ်လုပ်ပြီး၊ အီးယူနိုင်ငံများနှင့် တတိယနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် စပိန်နိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ဝင်ငွေသိသိ သာသာမြင့်တက်လာခြင်းနှင့်အတူ လယ်ယာကဏ္ဍ၏တန်ဖိုးသည် (၁၂) ရာခိုင်နှုန်းမြင့်တက်လာခဲ့ ပြီး၊ နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုကြီးမားခဲ့ကြောင်းသိရသည်။ စပိန်နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို သင့်တင့်သည့် ဈေးနှုန်းဖြင့် စားသုံးသူ များထံ ရောင်းချနိုင်ရေး၊ ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရေးဟူသည့် မဟာဗျူဟာရည်ရွယ်ချက်နှစ်ရပ်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း စပိန်နိုင်ငံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းနှင့်အပင်များ ထုတ်လုပ်တင်ပို့သူများ အသင်းချုပ်၏ ဒါရိုက်တာဖြစ်သူ Jose Maria Pozancos က ပြောကြားခဲ့သည်။ အဆိုပါကဏ္ဍသည် လုပ်သားအခြေပြု ထုတ်လုပ်မှု လုပ်ငန်းဖြစ်သဖြင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်များစွာကို ဖန်တီးပေးကြောင်း၊ တစ်နှစ်လျှင် ပျမ်းမျှအလုပ်အကိုင်(၂၈၀,၀၀၀) ခန့်ကို ဖန်တီးပေးပြီး၊ စပိန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတစ်ရပ်လုံးရှိ အလုပ်အကိုင်အားလုံး၏ (၅၀)ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

စပိန်နိုင်ငံရှိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများက ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားရေး၊ ဈေးကွက်အကျပ်အတည်းကို ကျော်လွှားနိုင်စေရေးနှင့် ဟင်းသီး ဟင်းရွက်/သစ်သီးဝလံကဏ္ဍဖွဲ့စည်းတည်ဆောက်မှုမြှင့်တင်ရေးတို့အတွက် အီးယူ၏ မူဝါဒပိုင်း ပံ့ပိုးမှုများကို တောင်းဆိုလျက်ရှိကြောင်းသိရသည်။ အီးယူ၏စိုက်ပျိုးရေးဆိုင်ရာ ဘုံမူဝါဒပြုပြင် ပြောင်းလဲရေးနှင့် ယင်းမူဝါဒအကောင်အထည်ဖော်မှု လွယ်ကူချောမွေ့စေရေး စပိန်နိုင်ငံ၏ အမျိုးသားအဆင့်မဟာဗျူဟာအစီအစဉ်များအပြင် ဟင်းသီးဟင်းရွက်/ သစ်သီးဝလံကဏ္ဍသည် ဗြိတိန်ခွဲထွက်မှုကိစ္စရပ်(Brexit)၊ အီးယူ-Mercosur ကုန်သွယ်မှုသဘောတူညီချက်စသည်တို့ကြောင့် ပေါ်ပေါက်လာသည့် အခက်အခဲများကိုလည်း ရင်ဆိုင်နေရသည်ဟုဆိုသည်။ လက်ရှိတွင် စပိန် နိုင်ငံရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ၎င်းလုပ်ငန်းကဏ္ဍ ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ ဈေးကွက်ဝေစုဆက်လက်ရရှိရေး၊ ဒစ်ဂျစ်တယ်နှင့် တီထွင် ဆန်းသစ်မှုမြှင့်တင်ရေးတို့အပေါ် အာရုံစူးစိုက်လျက်ရှိနေကြကြောင်း၊ ဟင်းသီးဟင်းရွက်/ သစ်သီး ဝလံကဏ္ဍသည် စပိန်နိုင်ငံစီးပွားရေးအတွက်မရှိမဖြစ် အရေးပါရုံသာမက မြေထဲပင်လယ်ဒေသ အစားအသောက်များ၏ အဓိကအစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်ကို စားသုံးသူများ ပိုမိုသိရှိ လာစေရေးအတွက် တိုက်တွန်းထားကြောင်း သိရသည်။

ရင်းမြစ် –  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading