ပြည်ပသတင်းများ

စင်ကာပူနိုင်ငံ၏ ဆန်၊ ပဲ၊ ငါးနှင့် ပင်လယ်စာဈေးကွက် အခြေအနေများအား တင်ပြခြင်း

ဆန်ဈေးကွက်အခြေအနေ

စင်ကာပူနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၃၉၆,၄၁၇ (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) အား နိုင်ငံပေါင်း ၂၂ နိုင်ငံမှ တင်သွင်းခဲ့ပါသည်။ အဓိကအားဖြင့် ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ တရုတ် (တိုင်ပေ)၊ ဂျပန်၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့မှ တင်သွင်းခဲ့ပါသည်။ ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့မှာ ဈေးကွက်ဝေစု အများဆုံးရရှိထားသော နိုင်ငံများဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်ဝေစုရရှိမှုအခြေအနေမှာ တင်ပို့သည့် တန်ချိန်ပမာဏဖြင့် တိုင်းတာပါက ၄.၃ ရာခိုင်နှုန်းရှိပြီး၊ စင်ကာပူသို့ စတုတ္ထမြောက် အများဆုံးတင်ပို့ခဲ့ကြောင်း တွေ့ရပါသည်။ သို့ရာတွင် တန်ဖိုးအားဖြင့် တိုင်းတာပါက မြန်မာနိုင်ငံ သည် စင်ကာပူဆန်ဈေးကွက်ဝေစု၏ ၂.၂ ရာခိုင်နှုန်းသာရရှိပြီး၊ အဋ္ဌမမြောက် အများဆုံးတင်ပို့ သည့် နိုင်ငံအဖြစ်သို့ အဆင့်လျှော့ကျသွားပါသည်။ စင်ကာပူနိုင်ငံ၏ ဆန်ကွဲတင်သွင်းမှုအခြေ အနေအား လေ့လာပါက ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယားစသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ တင်သွင်းလျက်ရှိပြီး၊ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ နောက်တွင် ဒုတိယမြောက် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ကြောင်းနှင့် ဈေးကွက်ဝေစု ၃၀ ရာခိုင်နှုန်း အထိ ( တန်ဖိုးအားဖြင့် တွက်ချက်ပါက ၂၅ ရာခိုင်နှုန်း ) ရရှိထားကြောင်း တွေ့ရှိရပါသည်။

ပဲတီစိမ်းနှင့် မတ်ပဲ ဈေးကွက်အခြေအနေ

စင်ကာပူနိုင်ငံ၏ ပဲအမျိုးမျိုး (အခြောက်ခံ) တင်သွင်းမှုတွင် မြန်မာ့ပဲဈေးကွက် ဝေစု ရရှိမှုအခြေအနေမှာ ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအတွင်းရှိကြောင်း တွေ့ရှိရပါသည်။ စင်ကာပူ သည် ပဲတီစိမ်းကို နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တင်သွင်းလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ စင်ကာပူ နိုင်ငံ၏ ပဲတီစိမ်းတင်သွင်းမှုစာရင်းအရ မြန်မာ့ပဲတီစိမ်း၏ စင်ကာပူဈေးကွက်ဝေစု ရရှိမှုအခြေ အနေမှာ ၅၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် မြန်မာသည် စင်ကာပူသို့ အများဆုံး တင်ပို့သူအဖြစ် ရပ်တည် ခဲ့ပါသည်။ စင်ကာပူသို့ မြန်မာနိုင်ငံနှင့် အပြိုင်အဆိုင် တင်ပို့လျက်ရှိသော နိုင်ငံများမှာ ထိုင်း (၂၅ ရာခိုင်နှုန်း)၊ ဩစတြေးလျ (၈ ရာခိုင်နှုန်း)၊ အိန္ဒိယ (၆ ရာခိုင်နှုန်း)နှင့် တရုတ်(၅ ရာခိုင်နှုန်း) နိုင်ငံတို့ ဖြစ်ပါသည်။ ထို့ပြင် စင်ကာပူသည် မတ်ပဲကို နိုင်ငံပေါင်း ၂၄ နိုင်ငံမှ တင်သွင်းလျက်ရှိပါ သည်။ မြန်မာ့မတ်ပဲ၏ စင်ကာပူဈေးကွက် ဝေစုရရှိမှုအခြေအနေမှာ ၃၄ ရာခိုင်နှုန်းခန့်ရှိသည့် အတွက် မြန်မာသည် စင်ကာပူသို့ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပါသည်။ စင်ကာပူသို့ မတ်ပဲ တင်ပို့သည့် အခြားနိုင်ငံများမှာ တရုတ် (၂၈ ရာခိုင်နှုန်း)၊ ထိုင်း (၉ ရာခိုင်နှုန်း)၊ ဩစတြေးလျ (၉ ရာခိုင်နှုန်း) နှင့် အိန္ဒိယ (၇ ရာခိုင်နှုန်း) နိုင်ငံတို့ဖြစ်ပါသည်။

ငါးနှင့် ပင်လယ်စာဈေးကွက်အခြေအနေ

စင်ကာပူနိုင်ငံ၏ ငါးအမျိုးမျိုး ဝယ်လိုအားသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မက်ထရစ် တန်ချိန် ၉၈,၀၀၀ ကျော် (စင်ကာပူဒေါ်လာ ၅၂၅ သန်းခန့်) ရှိပါသည်။ အဓိက တင်သွင်းလျက်ရှိ သည့် ငါးအမျိုးအစားများမှာ ငါးခူ (Cat fish)၊ ငါးသလောက်မျိုး (Mackerel)၊ ဆော်မွန်ငါး (Salmon)၊ Scad နှင့် ငါးရှဉ့် (Eel) တို့ဖြစ်ပါသည်။ ငါးတင်သွင်းမှု စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းမှာ လတ်ဆတ် သော ငါးများ (Fresh Fish) ဖြစ်ပြီး၊ ၅၃ ရာခိုင်နှုန်းမှာ အေးခဲထားသော ငါးများ  (Frozen Fish) ဖြစ်ပါသည်။ စင်ကာပူသည် ငါးတင်သွင်းမှုကို အင်ဒိုနီးရှား(၂၂ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၂၀ ရာခိုင်နှုန်း)၊ မလေးရှား (၁၇ ရာခိုင်နှုန်း)၊ နော်ဝေ (၁၀ ရာခိုင်နှုန်း) နှင့် ထိုင်း (၇ ရာခိုင်နှုန်း) နိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိပါသည်။ စင်ကာပူနိုင်ငံ၏ အခြားပင်လယ်စာ (Other Seafood) ဝယ်လိုအား အခြေအနေမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၃၈,၀၀၀ (စင်ကာပူဒေါ်လာသန်း ၃၀၀ ကျော်) ရှိပါသည်။ အဓိက တင်သွင်းလျက်ရှိသော ပင်လယ်စာများမှာ ပုစွန်တုပ်/ ပုစွန်ဆိတ် (Prawn/ Shrimp)၊ ဂဏန်း (Crab)၊ ပြည်ကြီးငါး (Squid)၊ ကင်းမွန် (Cuttlefish ) နှင့် ခုံးကောင် (Clam) တို့ဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

စင်ကာပူနိုင်ငံသို့ မြန်မာ့ဆန်ကွဲတင်ပို့မှုအပိုင်းတွင် ဈေးကွက်ဝေစုရရှိမှုအခြေအနေမှာ ကောင်းမွန်ကြောင်း တွေ့ရှိရသော်လည်း ဆန်တင်ပို့မှုအပိုင်းတွင် ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ်ဆန် များ၏ ဆန်အရည်အသွေးနှင့် ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်မှုမရှိသေးကြောင်းနှင့် မြန်မာ့ဆန်အား ထုတ်ပိုးရောင်းချမှုစနစ်ဖြင့် လက်လီဈေးကွက်တွင် မြင်တွေ့ရမှုလွန်စွာနည်းပါးသဖြင့် စားသုံးသူ များ၏ ကြိုက်နှစ်သက်မှု မရရှိသေးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စင်ကာပူသို့ ဆန်ကွဲတင်ပို့မှုမှလွဲ၍ ဆန်တင်ပို့မှုတွင် အခြားနိုင်ငံများထက် လျော့နည်းသော ဈေးနှုန်းတို့ဖြင့် တင်ပို့နေရပြီး၊ အရည်အသွေးမြင့်သော ဆန်များကို ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်မှု မရှိသေးကြောင်း သုံးသပ်ရပါသည်။ ပဲအမျိုးမျိုးအနက်မှ မြန်မာ့ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ စင်ကာပူ တွင် ဈေးကွက်ဝေစုအများဆုံး ရရှိထားပြီးဖြစ်ပါ၍ တိုးချဲ့တင်ပို့နိုင်ရန်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်သော်လည်း ပဲအမျိုးမျိုးအား စားသုံးရန် အသင့်ထုပ်ပိုးရောင်းချသည့် ဈေးကွက်အတွင်းသို့ ယှဉ်ပြိုင်ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း တွေ့ရပါသည်။ သို့ရာတွင် လက်ရှိကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံတကာတွင် ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် နိုင်ငံခြားခရီးသွားလာမှု အပေါ် အဓိက မှီခိုဆောင်ရွက်ရသော စင်ကာပူနိုင်ငံရှိ တည်းခိုနေထိုင်ရေးနှင့် စားသောက်ဆိုင် လုပ်ငန်းများမှာ ထိခိုက်မှုဖြစ်ပေါ်လျက်ရှိခြင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ ပြည်တွင်း သာမက ပြည်ပတင်ပို့သည့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကျဆင်း မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းခြင်းတို့ကြောင့် အထက်ဖော်ပြပါကုန်စည်များအပေါ် စင်ကာပူ နိုင်ငံ၏ ဝယ်လိုအားအခြေအနေမှာ ဆက်လက်နှေးကွေးနေဦးမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ် ပါသည်။

မြတ်နိုး၊ စီးပွားရေးသံမှူး

စင်ကာပူနိုင်ငံ

Loading