ပြည်ပသတင်းများ

စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုအပေါ် ပိုမိုအကျိုးသက်ရောက်နိုင်

အစိုးရပိုင်လောင်စာစွမ်းအင်ကုမ္ပဏီ Petrobras က ဒီဇယ်၊ ဓာတ်ဆီနှင့် မီဖိုသုံးဓါတ်ငွေ့ လောင်စာတို့၏ ဈေးနှုန်းအသစ်ပြောင်းလဲမှုသည် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဖြစ်ပေါ်နေ သည့် ငွေကြေးဖောင်းပွမှုနှုန်းအပေါ်တွင် ပိုမိုအကျိုးသက်ရောက်စေလျက်ရှိသည်။ နိုင်ငံတကာ တွင် ဖြစ်ပေါ်နေသည့် လောင်စာစွမ်းအင်ဈေးနှုန်းများနှင့်ဒေါ်လာဈေးနှုန်းများ၏ တန်ဖိုးအတက် အကျအပေါ်မူတည်၍ ပြည်တွင်းလောင်စာဆီဈေးနှုန်းများအား အပြောင်းအလဲများ ပြုလုပ်ခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီ၏ ဆုံးဖြတ်ချက်များတွင် အစိုးရကဝင်ရောက်စွက်ဖက်မှုကြောင့် ကုန်စည် သယ်ယူပို့ဆောင်သည့် ကားသမားများနှင့် အစုရှယ်ယာဈေးကွက်တို့၏ ယုံကြည်မှုကင်းမဲ့နေ သည့် ဖိအားများအကြားတွင် အစိုးရပိုင်လောင်စာစွမ်းအင်ကုမ္ပဏီ Petrobras သည် လောင်စာ ဆီ ဈေးနှုန်းပြောင်းလဲမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ယခင်ဈေးနှုန်းထက် ၀.၁၇ ဟဲရာ မြင့်တက်၍ ဓာတ်ဆီတစ်လီတာလျှင် ဘရာဇီးဟဲရာ ၂.၂၅ ဖြင့် လည်းကောင်း၊ ယခင်ဈေးနှုန်း ထက် ၀.၁၃ ဟဲရာမြင့်တက်၍ ဒီဇယ်ဆီတစ်လီတာလျှင် ၂.၂၄ ဟဲရာဖြင့်လည်းကောင်း၊ ယခင် ဈေးနှုန်းထက် ၀.၁၄ ဟဲရာမြင့်တက်၍ မီးဖိုချောင်သုံးဓာတ်ငွေ့တစ်ကီလိုလျှင် ၂.၉၁ ဟဲရာဖြင့် လည်းကောင်း ရောင်းချခဲ့သည်။ အဆိုပါဈေးနှုန်းမြှင့်တင်ခဲ့မှုကြောင့် ပြည်တွင်းငွေကြေး ဖောင်းပွမှုကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းပြောကြားလျက်ရှိ သည်။

နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော ဒေါ်လာငွေတန်ဖိုးမြင့်တက်မှုနှင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ပြည်တွင်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ သို့ရာတွင် တင်သွင်းလာမည့် လောင်စာဆီရောက်ရှိ ချိန်အထိ ဈေးနှုန်းမြှင့်တင်မှုကို တဖြေးဖြေးချင်းလုပ်ဆောင်သွားရန် လောင်စာဆီတင်သွင်းသူ များအသင်း (Brazilian Association of Fuel Importers – Abicom) က တောင်းဆိုထားသည်။

နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းများ တဖြေးဖြေးချင်းမြင့်တက်နေမှုကြောင့် ပြည်တွင်းဓာတ်ဆီဈေးနှုန်းမှာ ၅ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်နိုင်ကြောင်း AtivaInvestimentos ၏ အကြီးတန်းစီးပွားရေးပညာရှင် Étore Sanchez က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဈေးနှုန်းများ ပြောင်းလဲခြင်းသည် မတ်လတွင် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေရန် အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ဓာတ်ဆီဈေးနှုန်းမြင့်တက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်မည့် စားသုံးသူ ဈေးဆနှုန်းကိန်းတွင် ၀.၄၀ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိနိုင်ကြောင်း Necton ၏ စီးပွားရေး ပညာရှင် AndréPerfeito က ပြောကြားခဲ့သည်။ Ibmec ၏ စီးပွားရေးသိပ္ပံပါမောက္ခ Renato PreyerVeloni ၏ တွက်ချက်မှုအရ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် မီးဖိုသုံးဓာတ်ငွေဈေးနှုန်းများ မြင့်တက် မှုသည် ၃ လမှ ၆ လတာကာလအတွင်းငွေကြေးဖောင်းပွမှုအပေါ် ၁.၅ ယူနစ်အထိ သက်ရောက် မှုရှိနိုင်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဘရာဇီးလ်သမ္မတ Jair Bolsonaro နှင့် ၎င်း၏ထောက်ခံသူများတွေ့ဆုံပွဲတွင် လောင်စာဆီနှင့် မီးဖိုသုံးဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှု သည် ပြည်သူများအား ခက်ခဲကြပ်တည်းစေခဲ့ကြောင်း အသိအမှတ်ပြုပြောကြားခဲ့သည်။ အဆိုပါ ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ စီးပွားရေးဝန်ကြီး Paulo Guedes နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သမ္မတ Bolsonaro သည်သက်ဆိုင်ရာဝန်ကြီးဌာနများအပါအဝင် Petrobras ကုမ္ပဏီ ဥက္ကဋ္ဌ Roberto Castello Branco တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ လက်ရှိကောက်ခံလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (Tax on Circulation of Goods and Services – ICMS) အား လျှော့ချပေးနိုင်ရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သမ္မတ၏တွေ့ဆုံပွဲတွင် Petrobras ၏ လောင်စာဆီဈေးနှုန်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ အစိုးရက ဝင်ရောက်စွက်မှုမရှိ ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ Castello Branco က အာမခံပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ဈေးနှုန်းများသည် ၁၄.၅ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်ကြောင်း လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် နည်းပညာကုမ္ပဏီများက ခန့်မှန်းပြောကြားလျက်ရှိသည်။ နိုင်ငံ၏အနောက်အလယ်ပိုင်းတွင် ၂၁.၂ ရာခိုင်နှုန်းနှင့် နိုင်ငံ တောင်ပိုင်း၏ အောက်ဘက်တွင် ၁၂.၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း နိုင်ငံအတွင်းရှိ လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီ ၅၃ ခုနှင့် လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက် ရရှိပြီးဖြစ်သည့် လုပ်ငန်း ၇ ခုတို့ထံမှ ရရှိသော ကိန်းဂဏန်းအချက်အလက်များက ဖော်ပြလျက် ရှိသည်။

စွမ်းအင်ဝယ်ယူမှုများသည် ၂၀၂၀ ပြည့်နှစ်ကထက် ၉.၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာ ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် စွမ်းအင်ကုမ္ပဏီများကပေးဆောင်ခဲ့သည့်အခွန်ငွေသည် ၂၀၂၁ ခုနှစ်မှစတင်၍ ရစ်ကျဖြင့် ပြန်လည်ပေးဆပ်ရမည့် ကိုဗစ်ချေးငွေ ဘရာဇီးလ်ဟဲရာ ၁၅ ဘီလီယံ အတွက် လုံလောက်စေကြောင်း TR Soluções ကုမ္ပဏီက ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – High fuel will have strong impact on inflation, economists say, CORREIO BRAZILIENSE

Loading