ပြည်ပသတင်းများ

ပဲမျိုးစုံတင်သွင်းမှု လျော့ချခြင်းမှ ရူပီးကုဋေ ၁၅၀၀၀ ချွေတာနိုင်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးက ပြောကြားခြင်း

အိန္ဒိယနိုင်ငံ၌ ပရိုတင်းဓာတ်ရရှိစေသည့် အစားအစာအဖြစ် ပဲမျိုးစုံကိုသာ အဓိက စားသုံးမှုရှိရာ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်နိုင်ရေး အိန္ဒိယအစိုးရ က တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နှစ်စဉ်ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်ကတန်ချိန် ၁၄ သန်းခန့်သာရှိရာမှ ၅ နှစ်မှ ၆ နှစ်ကာလအတွင်း အရှိန်အဟုန်တိုးတက်လျက် လက်ရှိကာလ၌ တန်ချိန် ၂၄ သန်းအထိ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး Mr. Narendra Singh Tomar က ၁၀-၂-၂၀၂၁ နေ့တွင် ကျင်းပသည့် ကမ္ဘာ့ပဲမျိုးစုံ သီးနှံနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောဆိုပါသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ဦးဆောင်သည့် အစိုးရ စတင်တာဝန်ယူချိန်ကပင် ပဲမျိုးစုံ အား ပြည်တွင်း၌ ဖူလုံမှုရှိအောင် စိုက်ပျိုးထုတ်လုပ်ရေး ရှေ့ရှုဆောင်ရွက်ခဲ့ကြောင်း၊ ပဲမျိုးစုံ အတွက် အထောက်အပံ့ပြုမည့် အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price – MSP) များအား ၆ နှစ်တာအတွင်း ၄၀% မှ ၇၃% အထိတိုးမြှင့်ပေးခဲ့ပြီး ထွက်ရှိသည့်သီးနှံများအား အစိုးရက ဝယ်ယူပေးခဲ့ကြောင်း၊ တောင်သူလယ်သမားများထံမှ ပဲမျိုးစုံအား ဝယ်ယူမှုမှာ အဆ ၄၀ မြင့်တက်လျက် တန်ဖိုးအားဖြင့် ရူပီး ၁၀၅၃၀ ကုဋေအထိ ရှိလာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုမှာ ၂၃% မြင့်တက်ခဲ့ကြောင်း၊ ယခုအခါ ၂၀၅၀ ပြည့်နှစ်တွင် အိန္ဒိယ၏ နှစ်စဉ် ပဲမျိုးစုံထွက်ရှိမှုကို တန်ချိန် ၃၂ သန်းအထိ ရရှိရေး ရည်မှန်းချက် ချမှတ်ထား ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခဲ့မှုက ပြည်ပမှ ပဲမျိုးစုံတင်သွင်းနေရမှုကို တစိုက်မတ်မတ် လျော့ချ နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် ပဲတင်သွင်းရမှုမှ နှစ်စဉ် ရူပီးကုဋေ ၁၅၀၀၀ (အမေရိကန်ဒေါ်လာ ၂.၀၅ ဘီလီယံခန့်) ကို ချွေတာနိုင်ခဲ့ကြောင်း စသည်ဖြင့် အိန္ဒိယကောက်ပဲ သီးနှံလုပ်ငန်းရှင်များအသင်း (IPGA) က စီစဉ်ကျင်းပသော အထက်ပါအခမ်းအနား၏ အဖွင့် မိန့်ခွန်း၌ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုမှုအရ ပဲမျိုးစုံ စိုက်ပျိုးမှုမှာ ၆ နှစ်အတွင်း ဆောင်းသီးနှံ၌ ၃% တိုးတက်လျက် ဧရိယာဟက်တာ ၁၆.၇၃ သန်း သို့ ရောက်ရှိလာပြီး မိုးသီးနှံတွင် ၅% တိုးတက်၍ ဟက်တာ ၁၄ သန်းအထိ တိုးချဲ့စိုက်ပျိုးနိုင် ခဲ့ကြောင်း၊ ယခုနှစ်တွင် ပဲမျိုးစုံမှာ တန်ချိန် ၂၄ သန်းကျော် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အစိုးရသည် ပဲမျိုးစုံအား ပြည်ပမှတင်သွင်းနေရမှုကို ပကတိသုညတန်ဖိုးအထိ လျော့ချနိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားနှင့်အတူ ကျင်းပသည့် တတိယအကြိမ် အမျိုးသားပဲမျိုးစုံ ဆိုင်ရာညီလာခံဆွေးနွေးပွဲ၌ အိန္ဒိယစားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးမှု ဝန်ကြီးဌာနမှအတွင်းဝန် Ms. Leena Nandan က အစိုးရသည် ယခင်နှစ် ဧပြီလမှ နိုဝင်ဘာလ အတွင်း ဝန်ကြီးချုပ်၏ နွမ်းပါးသူများသို့ ထောက်ပံ့ရေးအစီအစဉ်မှတစ်ဆင့် အိမ်ထောင်စု သန်း ၂၀၀ သို့ ပဲမျိုးစုံတန်ချိန် ၁၅ သိန်းကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ယခုနှစ်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ကုလားပဲအပါအဝင်ပဲမျိုးစုံ တန်ချိန် ၁၀ သိန်းကို တောင်သူလယ်သမားများ ထံမှ ဝယ်ယူလျက် အရန်သိုလှောင်ထားရှိရန် စီစဉ်လုပ်ဆောင်လျက်ရှိကြောင်းဖြင့် ပြောဆို ခဲ့ပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   Government saves Rs 15,000 crore by reducing pulses import, 10 FEB 2021, Economic Times

  1. Centre targets 32-million tonne pulses production by 2030, 10 FEB 2021, The Hindu Business Line
  2. Center Eyes 32 million tonnes Pulse Production by 2030, 11 FEB 2021, www.krishijagran.com

Loading