ပြည်ပသတင်းများ

အိန္ဒိယနှင့် မိုဇမ်ဘစ် နှစ်နိုင်ငံကြား ပဲဝယ်ယူရေး နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးရန် အတည်ပြုခြင်း

အိန္ဒိယနိုင်ငံသည် အာဖရိကဒေသရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ် သည့် မိုဇမ်ဘစ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ပဲမျိုးစုံဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ၂၀၁၆ ခုနှစ် ဇူလိုင် လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅ နှစ်တာသက်တမ်းရှိသော ၎င်းနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသည် B2B, G2G ဝယ်ယူမှုစနစ်များဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ သိန်း တင်သွင်းမှုမှ စတင်လျက် နှစ်စဉ်တန်ချိန် ၂၅၀၀၀ တိုးမြှင့်၍မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံများကို ဝယ်ယူခဲ့ရာ ပဉ္စမမြောက်နှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ တန်ချိန် ၂ သိန်း တင်သွင်းမှုမှာ ၃၁-၃-၂၀၂၁ နေ့တွင်ပြီးဆုံးမည်ဖြစ်ပါသည်။

အိန္ဒိယအစိုးရသည်တောင်သူများ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့် တင်လျက်ရှိသော်လည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်မှုမရရှိမီကာလနှင့် ရာသီဥတု အပေါ် မှန်းဆနိုင်ခြင်းမရှိသည့်အခြေအနေအရ ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းရန်နှင့် အရန် ပဲမျိုးစုံ ထားရှိနိုင်ရန်အတွက် ပြည်ပမှဝယ်ယူတင်သွင်းမှုကို ခွင့်ပြုဆောင်ရွက်လျက်ရှိ ပါသည်။ သို့ဖြစ်ရာ မိုဇမ်ဘစ်နိုင်ငံနှင့် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားသည့် ပဲစင်းငုံနှင့်အခြား ပဲများ ဝယ်ယူရေးနားလည်မှုစာချွန်လွှာကို ၅ နှစ် သက်တမ်းတိုးမြှင့်မည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးကပြောဆိုကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လကုန်ပိုင်း၌ သတင်းများထွက်ပေါ်ခဲ့ပါသည်။

ယခုခါ အမိုဇမ်ဘစ်နိုင်ငံသမ္မတက ၇-၁-၂၀၂၁ နေ့၌ တည်ခင်းသည့် နှုတ်ဆက်ဧည့်ခံ ပွဲအပြီးတွင် တာဝန်ပြီးဆုံး၍ ပြောင်းရွှေ့ထွက်ခွာမည့် မိုဇမ်ဘစ်နိုင်ငံ၊ Maputo မြို့ရှိ အိန္ဒိယ သံအမတ်ကြီး Mr. Rajeev Kumar က ပဲစင်းငုံဝယ်ယူရေး နားလည်မှုစာချွန်လွှာကို နောက်ထပ် ၅ နှစ် သက်တမ်းတိုးလျက် ၁ နှစ်လျှင် တန်ချိန် ၂ သိန်း ဝယ်ယူတင်သွင်းရန် အိန္ဒိယအစိုးရ၏ အဆိုပြုချက်အား မိုဇမ်ဘစ်စိုက်ပျိုးရေးဝန်ကြီးဌာနက သဘောတူလက်ခံခဲ့သည်ဟု ပြောကြား ခဲ့ကြောင်း archyde.com နှင့် allafrica.com သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ၌ ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါ သတင်းဌာနများက Tata နှင့် Mahindra ကဲ့သို့ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများအပါအဝင် အိန္ဒိယနိုင်ငံမှကုမ္ပဏီပေါင်း ၅၀ ကျော်သည်မိုဇမ်ဘစ်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း၊ Bharat, ONGC နှင့် Oil India ကုမ္ပဏီ ၃ ခုပူးပေါင်းအဖွဲ့သည် မိုဇမ်ဘစ် LNG သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းတွင် ရှယ်ယာ ၃၀% ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယအနေဖြင့် မိုဇမ်ဘစ်နိုင်ငံထံမှ သဘာဝဓာတ်ငွေ့ များကို ကာလရှည်ဝယ်ယူရရှိရန် လိုလားလျက်ရှိပြီး Bharat ကုမ္ပဏီသည်အဆိုပါစီမံကိန်း၏ ထုတ်လုပ်မှုမှ ၈% ရှိသော LNG သဘာဝဓာတ်ငွေ့တန်ချိန် ၁ သန်းကို ၁၅ နှစ်ကာလအထိ နှစ်စဉ် ဝယ်ယူရန် ယခင်နှစ်စက်တင်ဘာလ၌ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ တစ်ဖက်တွင် မိုဇမ်ဘစ် နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးများ ဝယ်ယူရရှိရန် လိုလားလျက်ရှိရာ Mr. Rajeev Kumar က အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများကို ဦးစား ပေးရရှိစေမည့် နိုင်ငံများတွင် မိုဇမ်ဘစ်နိုင်ငံသည်လည်း အပါအဝင်ဖြစ်ပြီး ၎င်းဆေးဝါးများ ဆောလျင်စွာ ရရှိစေမည်ဖြစ်သည်ဟု ကတိပြုပြောဆိုကြောင်း ဖော်ပြပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1.   Pigeon peas and gas against vaccine: increased exchanges between India and Mozambique, 13 JAN 2021, www.archyde.com

  1. Mozambique: India Renews Agreement to Import Mozambican Pigeon Peas, 8 JAN 2021, www.allafrica.com

Loading