ပြည်ပသတင်းများ

ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း SMEs လုပ်ငန်း များအနေဖြင့် လုံလောက်သည့်ကူညီပံ့ပိုးမှု မရရှိဟု SchuldenlabNL မှပြောဆိုခြင်း

နယ်သာလန်နိုင်ငံအနေဖြင့် အသွားအလာ ကန့်သတ်ချက် အစီအမံများအား တိုးမြှင့်ခဲ့ခြင်းကြောင့် SMEs လုပ်ငန်းများသည် ဆက်လက်ရှင်သန်နိုင်ရေး ရုန်းကန်နေရကြောင်း၊ SMEs များသည် ဒေဝါလီခံရနိုင်သည့် ခြိမ်းခြောက်မှုများရှိလာသဖြင့် ၎င်းတို့၏ အစီအစဉ်ဖြင့် ချေးငွေများ (personal debts) ရယူဆောင်ရွက်ကြကြောင်း၊ SMEs များ ရင်ဆိုင်ကြုံတွေ့ရသည့် ဘဏ္ဍာရေးပြဿနာများကို တွန်းလှန်ဖြေရှင်းနိုင်ရန်အတွက် ကူညီထောက်ပံ့ပေးမှုဗဟိုဌာနမရှိ ဖြစ်နေကြောင်း SchuldenlabNL မှတစ်ဆင့်ဖော်ပြခဲ့သည့် လေ့လာမှုအစီရင်ခံစာတစ်ရပ်တွင် စာရင်းကိုင်လုပ်ငန်းကုမ္ပဏီ Deloitte က ပြောဆိုသည်ဟု NL Times တွင် ၁၆-၁-၂၀၂၁ နေ့စွဲပါ  SMEs are not receiving enough support during Covid crisis argues SchuldenlabNL ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားပါသည်။

အဆိုပါပြဿနာအား ဖြေရှင်းနိုင်ရေးအတွက် SchuldenlabNL၊ နယ်သာလန်အာမခံ လုပ်ငန်းများအသင်း၊ နယ်သာလန်ဘဏ်လုပ်ငန်းအသင်းနှင့် Deloitte တို့က SMEs လုပ်ငန်းများ အတွက် အကူအညီအစီအမံတစ်ရပ်ကို တင်ပြခဲ့သည်။ ယင်းအစီအမံသည် ဘဏ္ဍာရေးပြဿနာ ကြုံတွေ့ရသည့် SMEs လုပ်ငန်းရှင်များကို ကျွမ်းကျင်မှုဆိုင်ရာအကူအညီများ အချိန်မီပံ့ပိုးပေးမှု သေချာစေရေးဖြစ်ကြောင်း၊ အစီအမံ၏ ရည်ရွယ်ချက်တစ်ရပ်မှာ လုပ်ငန်းရှင်များနှင့် ဒေသန္တရ အုပ်ချုပ်သူများအကြား ဆက်သွယ်ဆောင်ရွက်မှုကို မြှင့်တင်နိုင်စေရေး ဖြစ်ကြောင်းသိရသည်။

SMEs လုပ်ငန်းရှင်များသည် ဘဏ္ဍာရေးအထောက်အပံ့များရရှိနိုင်မှု ပုံစံများနှင့် ပတ်သက်၍ လုံလောက်စွာ သိရှိကြခြင်းမရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘဏ်ချေးငွေများ မရရှိနိုင်သည့်အချိန်တွင် SMEs လုပ်ငန်းများ၏ ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်းနိုင်မည့် ထောက်ပံ့ကူညီမှုဗဟိုဌာနမရှိဖြစ်နေကြောင်း  Deloitte က ဆိုသည်။ ကိုရိုနာ ဗိုင်းရပ်စ်အကျပ်အတည်းကာလတွင် အစိုးရ၏အကူအညီသည် အမှန်တကယ်လိုအပ်သည့်နေရာ များသို့ မရောက်ရှိဘဲ (one-size-fits-all) ပုံစံဖြစ်နေသဖြင့် SMEs လုပ်ငန်းများ၏ ဘဏ္ဍာရေး ပြဿနာကို ကာကွယ်ပေးနိုင်ရန်အတွက် လုံလောက်မှုမရှိဖြစ်နေကြောင်း၊ ထို့ပြင် လုပ်ငန်းရှင် များကလည်း ၎င်းတို့၏ ပြဿနာအား လျှော့တွက်ထားကြခြင်းကြောင့် အချိန်များစွာ နောက်ကျ ပြီးမှ အခက်အခဲကို သိရှိခြင်းဖြစ်ကြောင်း ၎င်းအစီရင်ခံစာအရ သိရသည်။

ရင်းမြစ် –  (NL Times)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading