ပြည်ပသတင်းများ

(၂၀၂၁) ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ဈေးကွက်ခန့်မှန်း ချက်များ

စားသုံးမှု၊ စက်မှုကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ပိုင်းတွင် ကြံ့ကြံ့ခံတင်ပို့ နိုင်မှုတို့က တွန်းအားပေးသောကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ (၂၀၂၁) ခုနှစ်အတွင်း ခိုင်မာစွာနာလန်ထူနိုင်မည်ဟု အပြည်ပြည်ဆိုင်ရာတွင် ဉီးဆောင်နေသည့် ဘဏ္ဍာရေးအဖွဲ့ အစည်းများထံမှ ခန့်မှန်းချက်များအရ သိရပါသည်။

(၂၀၂၁) ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)  ဖွံ့ဖြိုးမှု နှုန်းမှာ (၇.၅) မှ (၉) ရာခိုင်နှုန်းကြားရှိနိုင်ပြီး၊ (၂၀၁၅) ခုနှစ်မှစ၍ အမြန်ဆုံးတိုးတက်မှုနှုန်း ဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံအတွင်း ကိုရိုနာကပ်ရောဂါကျရောက်စဉ် ပံ့ပိုးကူညီ ပေးခဲ့သော ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများအပါအဝင်မူဝါဒများကို မိတ်ဆက်ပေးခဲ့ပြီး နောက်ပိုင်း ထိုကဲ့သို့ ခန့်မှန်းချက်တိုးတက်လာရခြင်းဖြစ်ပါသည်။

တရုတ်စီးပွားရေး၏ ပြောင်းလဲဖြစ်ပေါ်နေသော ဖွံ့ဖြိုးမှုအဆင့်များနှင့် လိုက်လျော ညီထွေသည့် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးမှုပုံစံအသစ်မှာ တရုတ်နိုင်ငံက တက်ကြွစွာ ရွေးချယ် ထားသော ရွေးချယ်မှုဖြစ်ကြောင်း၊ ရှုပ်ထွေးပြီး စိန်ခေါ်မှုများ ပြည့်နှက်နေသည့်အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်အား တန်ပြန်ဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရွေ့လျားမှု ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသက်ရောက်နေသော ကမ္ဘာ့စီးပွားရေးနှင့် အပြည်ပြည် ဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်တို့၏အခြေအနေနှင့် လိုက်လျောညီထွေသည့် ရှေ့သို့ဆက်လက် ဆောင်ရွက်သွားမည့် မူဝါဒ ချိန်ညှိမှုများအား တရုတ်နိုင်ငံက  အချိန်မီချမှတ်ဆောင်ရွက်ခြင်း တို့က  ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ အား ယုံကြည်ချက်ပိုမိုရှိလာစေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသက်ရောက်နေသော ကမ္ဘာ့ စီးပွားရေးနှင့် အပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်တို့၏ အခြေအနေနှင့် လိုက်လျော ညီထွေသည့်  ရှေ့သို့ဆက်လက်ဆောင်ရွက်သွားမည့် မူဝါဒချိန်ညှိမှုများအား တရုတ်နိုင်ငံက  အချိန်မီချမှတ်ဆောင်ရွက်ခြင်းတို့က ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွား ရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအား ယုံကြည်ချက်ပိုမိုရှိလာစေကြောင်း၊ ပြည်တွင်းဈေးကွက် အား အဓိကထားပြီး ပြည်တွင်းပြည်ပဈေးကွက် (၂) ရပ်တို့ အပြန်အလှန်အားဖြည့်ပေးမည့် တရုတ်နိုင်ငံ၏ “dual-circulation model” ဖွံ့ဖြိုးမှုပုံစံမှာ တရုတ်နိုင်ငံ၏ စီးပွားရေး မိမိနိုင်ငံ အတွက် လုံလောက်မှုရှိစေရေးနှင့် အစဉ်ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ရန်၊ စီးပွားရေးကြံ့ကြံ့ခံ နိုင်မှုအား မြှင့်တင်ရန်နှင့် တည်ငြိမ်ကောင်းမွန်သော ဖွံ့ဖြိုးမှုအား ထိန်းသိမ်းထားရန် အရေးပါ ကြောင်း ဒုတိယဝန်ကြီးချုပ် Liu Heက People’s Dailyသတင်းစာတွင် ဆောင်းပါးရေးသား ဖော်ပြခဲ့ပါသည်။

အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သည့် Goldman Sachsက (၂၀၂၁) ခုနှစ်အတွင်း အိမ်ထောင်စုများစားသုံးမှုနှင့် စက်မှုကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုများကြောင့် တရုတ်နိုင်ငံ၏ GDP ဖွံ့ဖြိုးမှုမှာ (၇.၅) ရာခိုင်နှုန်း ပြန်လည်တိုးတက်လာနိုင်ပြီး၊ ယခင်နှစ်ကထက် (၂) ရာခိုင်နှုန်း ပိုမိုနိုင်ဖွယ်ရှိကြောင်း၊ ပို့ကုန်ပိုင်းတွင်မူ လက်ရှိအတိုင်း ဆက်လက်ရှိနေနိုင်ကြောင်း ခန့်မှန်းထား ပါသည်။

အခြားအမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်သည့် Morgan Stanley က တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စားသုံးမှုနှင့် ကမ္ဘာ့ဝယ်လိုအား ပြန်လည်နာလန်ထူလာမှုတို့က တွန်းအားပေးမှုကြောင့် (၂၀၂၁) ခုနှစ် GDP တိုးတက်မှုနှုန်းမှာ (၉) ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ (၂၀၂၁) ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအား အဓိကမောင်းနှင်ပေးသည့် နိုင်ငံတစ် နိုင်ငံဖြစ်လာပြီး အထူးသဖြင့် ဂျီ (၂၀) အဖွဲ့ဝင် ဖွံ့ဖြိုးလာသောနိုင်ငံများ၏ဈေးကွက်များတွင် ပိုမိုနေရာရလာဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

Fitch အဖွဲ့အစည်းမှ သုတေသီများဖြစ်ကြသည့် Brian Coltonနှင့် Paveu Borowski တို့ကလည်း ကိုရိုနာကာကွယ်ဆေး စတင်ပေါ်ပေါက်လာမှုနှင့် စားသောက်ကုန်လုပ်ငန်းနှင့် လူအများစုဝေးပြုလုပ်သောပွဲများ ပြန်လည်ကျင်းပလာခြင်းတို့မှ တွန်းအားပေးသော ပြည်တွင်း ဈေးကွက်ဝယ်လိုအား တက်လာမှုတို့ကြောင့် (၂၀၂၁) ခုနှစ်အတွင်းတရုတ်၏GDP (၈) ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေးမှာမူ (၂၀၂၀) ခုနှစ်၊ စက်တင်ဘာလအတွင်း (၄.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ (၂၀၂၁) ခုနှစ်တွင်း (၃.၇) ရာခိုင်နှုန်းသာ ကျဆင်းနိုင်သဖြင့် ကျဆင်းမှု အားပျော့လာနိုင်ကာ၊ ကမ္ဘာ့စီးပွားရေး (၅.၃) ရာခိုင်နှုန်းတိုးတက်လာနိုင်ကြောင်း၊ အထူးသဖြင့် လူအများ ကာကွယ်ဆေးထိုးပြီးနိုင်ပြီဖြစ်မည့် (၂၀၂၁) ခုနှစ် ဒုတိယနှစ်ဝက်တွင် ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ကြောင်းခန့်မှန်းထားပါသည်။

တရုတ်နိုင်ငံတွင် ချေးငွေထုတ်ပေးမှုများမှာ ကိုရိုနာကပ်ရောဂါကျရောက် ဖြစ်ပွား ခဲ့သော (၂၀၂၀) ခုနှစ်၊ မတ်လမှ မေလအထိကာလများ၌ အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများမှာ တဖြည်းဖြည်းပုံမှန်အတိုင်းပြန်ဖြစ်လာနေကြောင်း၊ ချေးငွေ တိုးတက်မှုနှုန်းမှာလည်း အရှိန်ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း Goldman Sachs မှ တရုတ် စီးပွားရေးပညာရှင်ချုပ် Shan Huiက China Daily သို့ ဖြေကြားထားပါသည်။

ငွေကြေးမူဝါဒအားဖြင့် တရုတ်အစိုးရက ထုတ်ရောင်းထားသော ငွေတိုက်စာချုပ်များ အချိန်စေ့လာခြင်းနှင့် ချေးငွေသက်တမ်းတိုးရန် တောင်းဆိုမှုများရှိလာနိုင်သော်လည်း တရုတ် အစိုးရ၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ (၂၀၂၁) ခုနှစ်အတွင်း (၃.၆) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်းသို့ ကျဆင်းပြီး လိုငွေပြမှုနည်းပါးသွားနိုင်ကြောင်း Goldman Sachs စီးပွားရေးပညာရှင်က ခန့်မှန်း ထားပါသည်။

တရုတ်နိုင်ငံမှ ပြည်သူများ၏ အလွန်အမင်းစုဆောင်းမှုနှင့် ပြည်တွင်းအလုပ်အကိုင် များ ပြန်လည်နာလန်ထူလာမှုတို့ကြောင့် လာမည့်လများအတွင်း ပုဂ္ဂလိကစားသုံးမှုထွန်းကား လာနိုင်ကြောင်း၊ တရုတ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုနှေးကွေးလာခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုတို့တွင် ပိုငွေပြမှု အနည်းငယ် ကျဉ်းမြောင်းလာသော်လည်း ကမ္ဘာ့ ဝယ်လိုအား ပိုမိုအားကောင်းလာမှုနှင့် ကုန်သွယ်ရေးတင်းမာမှုကြောင့် ဆုံးရှံးနိုင်ခြေများ လျော့ကျ လာမှုတို့က စက်မှုကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံမှုက အားသာလာနိုင်ကြောင်း Morgan Stanley မှ တရုတ်စီးပွားရေးပညာရှင်ချုပ် Robin Xing က ခန့်မှန်းထားပါသည်။

(၂၀၂၁) ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများအား ပုံမှန် အခြေအနေဖြစ်စေရန် ပြုလုပ်လာမှုက  တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အတိုး နှုန်းမတူညီမှုအား ထပ်မံညှိနှိုင်းနိုင်မည်ဖြစ်ပြီး၊ တရုတ်ယွမ်ငွေ တန်ဖိုးထပ်မံတက်လာစေနိုင်မည် ဖြစ်ကာ၊ တရုတ်နိုင်ငံအတွင်းသို့ စီးဝင်လာမည့် နိုင်ငံခြားငွေကြေးများအား ပိုမိုအားကောင်း စေလာနိုင်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် (၂၀၂၁) ခုနှစ်အတွင်း ၎င်း၏ ကုန်စည်ထောက်ပံ့မှုရောင်းလိုအားကို ဆက်လက်ထိန်းသိမ်းထားချိန်နှင့်တစ်ပြိုက်နက် ၎င်းစီးပွားရေး၏ အဓိကလုပ်ငန်းတာဝန်များ အဖြစ် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန်နှင့် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုအား အရှိန် မြှင့်တင်ရန် ဉီးစားပေးဆောင်ရွက်သွားဖွယ်ရှိပါသည်။  ယခင်နှစ်များက အိမ်ခြံမြေဈေးကွက်အား ဉီးတည်လှုံ့ဆော်ခဲ့သည့် စီးပွားရေးဆောင်ရွက်မှုများနှင့်မတူဘဲ အလယ်အလတ်တန်းဝင်ငွေ ရှိသည့် လူဉီးရေအား တိုးချဲ့သွားရန်ရည်ရွယ်၍ ရေရှည်အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည့် ဝယ်လိုအားဘက် ပြုပြင်ပြောင်းလဲရေးမျိုးဖြစ်ပါသည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်စေရန်အတွက် အလုပ်အကိုင်များသေချာစေခြင်းနှင့် အလုပ် အကိုင်များ ပိုမိုဖန်တီးပေးခြင်းတို့အား တရုတ်နိုင်ငံ စီးပွားရေး၏ ထိပ်တန်းဉီးစားပေးများအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ၏ စီးပွားရေးပြန်လည် နာလန်ထူလာ မှုအား မတည်မငြိမ်ဖြစ်စေမည့် ကြွေးမြီအရှိန်မြင့်လာနိုင်မှုများနှင့် ငွေကြေးဆုံးရှုံးနိုင်ခြေရှိမှု များအား ထိန်းသိမ်းရန်နှင့် အဆင့်မြင့်စက်မှုကုန်ထုတ်လုပ်မှုနှင့် နည်းပညာနှင့် ဆက်နွယ်သည့် အခြေခံအဆောက်အအုံများတွင် ထိရောက်သည့်ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန်တို့ အပေါ် အလေးထားဆောင်ရွက်သွားဖွယ်ရှိကြောင်း China Association of Policy Science ၏ စီးပွားရေး မူဝါဒကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး XuHongcai က ပြောကြားထားပါသည်။

စားသုံးမှုအား အဓိကတိုင်းတာသည့်လက်လီအရောင်းကဏ္ဍ၌ ဖွံ့ဖြိုးမှုမှာ အောက်တိုဘာ လအတွင်းက (၄.၃) ရာခိုင်နှုန်းရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်း၌ (၅) ရာခိုင်နှုန်းထိ ပြန်လည် နာလန်ထူလာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေငြာချက်အရ သိရပါ သည်။ စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုအား မြှင့်တင်ရန် ဝယ်လိုအားဘက်မှ ပြုပြင်ပြောင်းလဲမှု များအပေါ် အလေးထားသည့် မူဝါဒစီမံဆောင်ရွက်မှုများအား မကြာမီ ချမှတ်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ထို့ကြောင့် (၂၀၂၁) ခုနှစ်အတွင်း ဝင်ငွေခွဲဝေဖြန့်ဖြူးမှုစနစ်ပြုပြင်ပြောင်းလဲရေးအပေါ် မူဝါဒဖြင့် အလေးထားသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အခွန်အကောက်၊ လူမှုရေးအာမခံ နှင့် ငွေလွှဲပြောင်းမှုစနစ်များအား အလယ်အလတ်တန်း ဝင်ငွေရှိသည့် အုပ်စုများထံသို့ တိုးချဲ့၍ ဝင်ငွေကွာဟချက်အား လျှော့ချသွားမည်ဖြစ်ကြောင်း၊ စားသုံးမှုအား မြှင့်တင်ရန်အတွက် သမား ရိုးကျနည်းများအရရော၊ ယခုနောက်ပိုင်းဖြစ်ပေါ်လာသော နည်းလမ်းများအရပါ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ကြီးစောင့်ရှောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ရေးနှင့် ပညာရေးဝန်ဆောင်မှုများ၏ မူဝါဒမူဘောင်အား ခိုင်မာအားကောင်းစေရန်  ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထိုစဉ်အတွင်း အိမ်ခြံမြေဈေးကွက်အား ကစားသည့်အပြုအမူများကို တင်းကြပ်စွာ ကန့်သတ်တားဆီးသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး Liu Kun က cntheory.com သို့ ပြောကြားထားပါသည်။

ယခုနှစ် ပထမ (၁၁)လအတွင်း အဆင့်မြင့် စက်မှုကုန်ထုတ်လုပ်မှုများတွင် ပုံသေပိုင် ပစ္စည်း ရင်းနှီးမြှုပ်နှံမှုများမှာ (၁၁.၈) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။

ရင်းမြစ် ၊     http://en.ce.cn (၂၇-၁၁-၂၀၂၀)၊ eminetra.com (၈-၁၂-၂၀၂၀)၊ China Daily/ ANN (၁၅-၁၂-၂၀၂၀) နှင့် thestar.com.my (၁၆-၁၂-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading