ပြည်ပသတင်းများ

အာဆီယံကုန်သွယ်ရေးစင်္ကြံက တရုတ်နိုင်ငံအနောက်ပိုင်း ဒေသများအား ဖွံ့ဖြိုးလာစေရန် ကူညီပေး

ပုံစံစုံကွန်ယက်မှာ ထောက်ပို့သယ်ယူပို့ဆောင်ခကို ပိုမို သက်သာစေပြီး၊ အဆင်ပြေချောမွေ့စေပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏စီးပွားရေးများ ဆက်သွယ်မှုကို တိုးမြှင့် စေရန် ပုံစံစုံသယ်ယူပို့ဆောင်ရေးကွန်ယက်တစ်ခုအသွင် ကုန်သွယ်ရေးစင်္ကြံတစ်ရပ်အား  တရုတ် နိုင်ငံက မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းစင်္ကြံအသစ်ဟုခေါ်ဆိုသည့် စင်္ကြံမှာ တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းဖြစ်သည့် ချုံချင်းနှင့် စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူး ကဲ့သို့ အဓိက ကုန်းတွင်းပိုင်းမြို့တော်များအား တရုတ်နိုင်ငံ တောင်ပိုင်း၏ ကမ်းရိုးတန်းနှင့် အာဆီယံနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့ကို ဆက်သွယ်ပေးထားပါသည်။

တရုတ်ကုန်းတွင်းပိုင်းမှ ကုန်သေတ္တာများကို နယ်စပ်သို့ ပို့ဆောင်ပြီးနောက် အာဆီယံ နိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံများသို့ သင်္ဘောဖြင့် ဆက်လက်ပို့ဆောင်လာပါသည်။ တရုတ်နိုင်ငံ သို့ တင်သွင်းသည့်သွင်းကုန်များကိုလည်း ၎င်းလမ်းကြောင်းများ အသုံးပြု၍ တင်သွင်းနိုင်ပါသည်။

လေကြောင်း၊ ကုန်းလမ်း၊ ရထားလမ်းနှင့် ပင်လယ်ရေကြောင်းအပါအဝင် ပုံစံစုံ သယ်ယူပို့ဆောင်ရေးကွန်ယက်ဖြင့် အသုံးပြုသူများအတွက် ကုန်ကျစရိတ် ပိုမိုထိရောက် သက်သာသည့် ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေးအား ပံ့ပိုးပေးနိုင်သည် ဤစင်္ကြံက ရည်ရွယ်ထားပါသည်။

ဤလမ်းကြောင်းသည် ချုံချင်းနှင့် ချန်ဒူးတို့အား ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင် ရေးအချက်အချာမြို့များအဖြစ် အသုံးပြုထားပြီး၊ တရုတ်နှင့် ဉရောပအကြား အခြားအရေးပါ သည့် ကုန်တင်ရထားလမ်းများနှင့် ချိတ်ဆက်ထားပါသည်။ ၎င်းချိတ်ဆက်မှုမှာ ဉရောပနှင့် တရုတ်အနောက်တောင်ပိုင်းကို ဆက်သွယ်ရန် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အဓိကစီမံကိန်း တစ်ခုဖြစ်ပါသည်။

ဤစင်္ကြံသည် ချုံချင်းနှင့် ချန်ဒူးမှတဆင့် ရန်ဇီမြစ်စီးပွားရေးလမ်းကြောင်းရှိ ဒေသများ နှင့်လည်း ဆက်သွယ်သွားမည်ဖြစ်ပါသည်။ ဤစင်္ကြံသည် (၂၀၁၇) ခုနှစ်တွင် တည်ထောင်ခဲ့ သည့် ချုံချင်းနှင့် စင်္ကာပူကို  ဆက်သွယ်သည့် ကုန်တင်ရထားလမ်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ယခုအခါနိုင်ငံတော်၏ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်လာပါသည်။

(၂၀၁၉)ခုနှစ် ၊ သြဂုတ်လအတွင်း စင်္ကြံတည်ဆောက်ရေးမြှင့်တင်ရန် စီမံကိန်းတစ်ရပ်ကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission) က ထုတ်ပြန်ကြေငြာခဲ့ပြီး၊ အသေးစိတ်အစီအမံများအား ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်ရန် ပြည်နယ်အဆင့်အစိုးရများ၊ သယ်ယူပို့ဆောင်ရေး အာဏာပိုင်များနှင့် လုပ်ငန်းဆောင်ရွက်နေသူများအပါအဝင် အစိုးရဌာနများနှင့် လုပ်ငန်းများအား ပြောကြားခဲ့ပါ သည်။ တရုတ်နိုင်ငံ၏ (၁၄) ဆက်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် အဓိကစီမံကိန်း တစ်ရပ်အဖြစ် ထည့်သွင်းရေးအတွက် စင်္ကြံမြှင့်တင်ရေးအပေါ် ရေးသားအဆိုပြုချက်အား နိုဝင်ဘာလတွင် တင်ပြခဲ့ပါသည်။

ကုန်စည်ပို့ဆောင်ရေးဖွံ့ဖြိုးမှု

၎င်းစီမံကိန်း ထုတ်ပြန်ချိန်မှစ၍ ကိုရိုနာကပ်ရောဂါကျရောက်ဖြစ်ပွားခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအား မြှင့်တင်ရန် စင်္ကြံတစ်လျှောက် ကုန်သေတ္တာတင်ရထား ဝန်ဆောင်မှုများအား ပိုမိုပြေးဆွဲလာပါသည်။  ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စာရင်းများအရ အာဆီယံမှာ တရုတ်နိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်လာခဲ့ပြီး ဉရောပသမဂ္ဂ၏ နေရာတွင် အစားထိုးရောက်ရှိလာခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံတော်ပိုင် မီးရထားပြေးဆွဲသည့် လုပ်ငန်းဖြစ်သော တရုတ်မီးရထား ကော်ပိုရေးရှင်းမှ အချက်အလက်များအရ ယခင်နှစ်တွင် စင်္ကြံတလျှောက် ပင်လယ်ရေကြောင်း – ရထားလမ်း ဝန်ဆောင်မှုပေါင်း (၃,၆၀၀) ရှိခဲ့ပြီး ၊ (၇၃) ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ပေ (၂၀) ကုန်သေတ္တာအလုံးပေါင်း (၁၉၀,၀၀၀) ကို ဝန်ဆောင်မှုပေးခဲ့ရပြီး (၈၀) ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပါသည်။

တရုတ်မီးရထားကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သည့် တရုတ်မီးရထား ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေးမှ အချက်အလက်များအရ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သော နန်နင်းမြို့နှင့် ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ် သည့် ဟနွိုင်းမြို့တို့အကြား ကုန်သေတ္တာတင်မီးရထား ဝန်ဆောင်မှုပေါင်း (၁၂၄) ကြိမ်ပေးခဲ့ ရကာ ယခင်နှစ်ကထက် (၆၃) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။ ယခုနှစ်အတွင်း  အကြိမ်ရေ (၂၀၀) ဝန်ဆောင်မှုပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။

၎င်းမြို့နှစ်မြို့ကြား ပြေးဆွဲသည့်မီးရထားသည် တရုတ်နိုင်ငံမှ နေ့စဉ်သုံး လူသုံးကုန် များ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများနှင့် ဆေးဝါးအသုံးအဆောင်များကို  ဗီယက်နမ်နိုင်ငံသို့ သယ်ယူပို့ဆောင်ပေးကာ၊ ဗီယက်နမ်နိုင်ငံမှ အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် သတ္ထု ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများအား အဓိကပြန်လည်သယ်ယူလာခြင်းဖြစ်ပါသည်။ ၎င်း ဝန်ဆောင်မှုအား (၂၀၁၈) ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ကာ၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လတွင် တစ်ပတ် လျှင် သုံးကြိမ်ပုံမှန်ပြေးဆွဲခြင်းဖြစ်ပါသည်။ နှစ်အလိုက် ဝန်ဆောင်မှုပေးသည့်အကြိမ်ရေ တိုးတက် လာလျက်ရှိကြောင်း သိရပါသည်။

ခရီးကြာမြင့်ချိန်အားလျှော့ချရန် နယ်စပ်ဖြတ်ကျော်ပြေးဆွဲသည့် မီးရထားများအား ကွမ်ရှီး၏ ကုန်စည်စစ်ဆေးသော မီးရထားဘူတာဖြစ်သည့် ပင်းရှန်တွင် တွဲပြောင်းစရာမလိုဘဲ စစ်ဆေးပေးလျက်ရှိပါသည်။  အာဆီယံနိုင်ငံများမှ နန်နင်းမြို့သို့ ရောက်ရှိလာသည့် သစ်သီးဝလံ များအား တရုတ်နိုင်ငံတဝှမ်းသို့ ဆက်လက်ဖြန့်ချိပေးလျက်ရှိပါသည်။ ထို့ပြင် ၎င်းအာဆီယံနိုင်ငံ များမှ ကုန်ပစ္စည်းများအား တရုတ်မီးရထားအမြန်လိုင်းဖြင့် ချုံချင်းနှင့် ချန်ဒူးမြို့များမှတဆင့် တရုတ်-ဉရောပ ကုန်တင်မီးရထားဝန်ဆောင်မှုဖြင့် ဉရောပနိုင်ငံများသို့လည်း တင်ပို့နိုင်ကြပါ သည်။

အရေးကြီးမှုနှင့် စိန်ခေါ်မှုများ

ဤစင်္ကြံမှာ အနောက်ပိုင်းဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် မဟာဗျူဟာ ကျသည့်လမ်းကြောင်းနှင့်   ဖွံ့ဖြိုးမှု၏ ပုံစံအသစ်တစ်ရပ် ဖွဲ့စည်းမှု ဖြစ်ရုံမျှသာမက ပိုးလမ်းမ စီးပွားရေးလမ်းကြောင်းနှင့် (၂၁) ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမတို့အား ကုန်းလမ်းနှင့် ပင်လယ် ရေကြောင်းလမ်း အပြန်အလှန်ဆက်နွယ်ပေးသည့် ချိတ်ဆက်လည်းဖြစ်ပါသည်။ ကုန်သွယ်ရေး စင်္ကြံဖြစ်သည်နှင့်အညီ အနောက်ပိုင်းဒေသများအား အပြည်ပြည်ဆိုင်ရာစီးပွားရေးပူးပေါင်း ဆောင်ရွက် မှုတွင် ပိုမိုတက်ကြွစွာပါဝင်နိုင်ရေး ကူညီပေးကာ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် စီးပွားရေးတို့ နက်ရှိုင်းသည့်ပေါင်းစည်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ပေးပါသည်။

ဤစင်္ကြံမှာ ပြည်တွင်းဈေးကွက်အပေါ် အခြေခံပြီး၊ တရုတ်နှင့် ကမ္ဘာ ဆက်သွွယ်ရန် အရှေ့တောင်အာရှအား တံတားတစ်စင်းကဲ့သို့ အသုံးပြုရန်ရည်ရွယ်ပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးကျဆင်းနေချိန်ဝယ် ကမ္ဘာနှင့် ချိတ်ဆက်ရန် လုပ်ငန်းစဉ်မှာ ပိုမိုနှေးကွေးနိုင် သော်လည်း အန္တိမပန်းတိုင်ဖြစ်ပါကြောင်း၊ ရေတိုကာလတွင် ဤစင်္ကြံမှာ တရုတ်၏အနောက် ပိုင်းဒေသများအား ချိတ်ဆက်ပေးရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ရန် ရည်ရွယ် ကြောင်း၊  တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး နောက်ဆုံးအကြိမ် အစည်းအဝေးတွင် ပြည်နယ်အဆင့်ဒေသတစ်ခုစီက ၎င်း၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအား စီမံကိန်း ရေးဆွဲထားရာ မညီမျှသည့် ရလဒ်များ ဖြစ်ပေါ်စေကြောင်း၊ အချို့ဒေသများမှာ ပိုမိုအောင်မြင်ပြီး ချမ်းသာကြွယ်ဝလာသော်လည်း အချို့ဒေသများမှာ နောက်ကျကျန်နေဆဲဖြစ်ပါကြောင်း၊ ဤစင်္ကြံမှာ အနောက်ဘက်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်၏ အစိတ်အပိုင်းဖြစ်ရာ၊ ပိုမို ပေါင်းစည်းထားသည့် ဒေသတွင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအမံက ဉီးတည်ချက်ပိုမိုရှိစေပြီး တစ်ချိန်တည်းတွင် ဘက်ညီမျှသည့် ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်ပေးသွားနိုင်ပါကြောင်း၊ အလယ်အလတ်ကာလတွင် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ စက်မှုကုန်ထုတ်လုပ်ငန်း ကွင်းဆက်များ၏ လွှဲပြောင်းသယ်ယူမှုအား လွယ်ကူချောမွေ့စေရန် ဤစင်္ကြံက ဆက်နွယ်ပေး မည်ဖြစ်ပါကြောင်း၊ ရေရှည်တွင် ကမ္ဘာသို့ ပိုမိုရောက်ရှိစေရန် အရှေ့တောင်အာရှအား အချက် အချာနေရာတစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း Chinese Academy of Social Sciences’ National Institute of International Strategy မှ တွဲဖက်သုတေသီ Zhou Fangye က မှတ်ချက်ပြုပြောကြားပါသည်။ အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိပြီး၊ အလားအလာ များ ပေါ်ထွက်လာသော်လည်း စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်ပါသည်။

ပါဝင်ကြသည့်မတူညီသော အဖွဲ့အစည်းများထံပေးအပ်ထားသော ပူးပေါင်းဆောင် ရွက်သည့် ယန္တရားတစ်ရပ် ဖွံ့ဖြိုးတိုးတက်ရန် တီထွင်ဆန်းသစ်မှု လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ ပေါင်းစည်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုမှာ ရာစုသစ်တွင် တရုတ်နိုင်ငံ၏ ဒေသတွင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် လျော်ညီမှုရှိကြောင်း၊  ထိုကဲ့သို့ ပေါင်းစည်းရန် ပြည်နယ်အဆင့် အစိုးရများနှင့် လုပ်ငန်းများကဲ့သို့ မတူညီသည့်အဖွဲ့အစည်းများထံမှ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် အတူတကွဆောင်ရွက်ကြရန် လိုကြောင်း၊ ငွေကြေးစနစ်တွင် အတားအဆီးများကို ပယ်ရှားရန် လည်း လိုအပ်ပြီး၊ ပေါင်းစည်းထားသည့် စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း NDRC ၏ Institute of Comprehensive Transportation၊ Transport Technology Development Research Center မှ အကြီးအကဲ WangYangkun က ပြောကြား ထားပါသည်။

အောက်တိုဘာလ (၁၃) ရက်နေ့တွင် ချုံချင်းနှင့် ကွမ်ရှီးအပါအဝင် ပြည်နယ်အဆင့် နှင့် မြို့တော်အဆင့် အစိုးရ (၁၃) ရပ်တို့က  စင်္ကြံဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် မူဘောင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

စင်္ကြံဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်သွားရန် ကုန်စည်ပို့ဆောင်ရေးနှင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလတွင် တရုတ်မီးရထား ကော်ပိုရေးရှင်းက ဉီးဆောင်မှုပြုသည့် ပို့ဆောင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီတွင် ပါဝင်သည့် လုပ်ငန်းများမှာ တရုတ်မီးရထားကုန်သေတ္တာပို့ဆောင်ရေးနှင် တရုတ် COSCO သင်္ဘောလိုင်း များ ဖြစ်ကြပြီး၊ မီးရထားသယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းများနှင့် ကုန်စည်ပို့ဆောင်ရေးတို့တွင် ဉီးဆောင်နေကြသည့် လုပ်ငန်းများဖြစ်ကြပါသည်။

ရင်းမြစ်၊ China Daily Global(၂၀-၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading