ပြည်ပသတင်းများ

အမေရိကန်သမ္မတသစ် Joe Biden ထံသို့ ရေးသား ပေးပို့သည့်စာတွင် ဘရာဇီး-အမေရိကန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သက်၍ ဘရာဇီးလ် သမ္မတ ကာကွယ်ပြောကြားခဲ့

ဘရာဇီးသမ္မတ Jair Bolsonaro ၏ ဘရာဇီးလ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ချုပ်ဆိုထားသည့် ဘရာဇီး-အမေရိကန် လွတ်လပ်သော ကုန်သွယ်ရေးသဘောညီချက်နှင့် ပတ်သက်၍ ၂၀-၁-၂၀၂၁ (ဗုဒ္ဓဟူးနေ့) ရက်နေ့က အမေရိကန်သမ္မတသစ် Joe Biden ထံသို့ စာရေးသားပေးပို့ခဲ့သည်။

အဆိုပါစာတွင် အမေရိကန်နှင့် ဘရာဇီးလ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်တွင် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် ကုန်သွယ်ရေးဆိုင်ရာအချက်အလက်များ ထည့်သွင်းထားပြီး အဆိုပါသဘောတူညီချက်ကြောင့် ကမ္ဘာ့ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်လာစေသည့်အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာမှု ကြောင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုများလည်း တိုးတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံအနေဖြင့် ကုန်သွယ်မှု အဆင်ပြေချော့မွေ့စေရေးအတွက် လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသည့် မူဝါဒလုပ်ထုံးလုပ်နည်းများအား ခေတ်နှင့်လျော်ညီအောင် ပြင်ဆင် ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများအား အလေးထားလုပ်ဆောင်လျက်ရှိ ကြောင်း၊ အဆိုပါဆောင်ရွက်ချက်များကြောင့် ကူးစက်ကပ်ရောဂါကာလနောက်ပိုင်းတွင် နိုင်ငံ၏ စီးပွားရေး အလျင်အမြန် ပြန်လည်နာလံထူရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

သမ္မတ Bolsonaro ၏ ပေးစာတွင် နိုင်ငံတကာရေးရာနှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ ထောက်ပံ့ပေးမှုများဖြင့် ဘရာဇီးလ်နိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့တို့၏ ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း၊ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုက မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ရာတွင် အခြေခံကျသည့်ဆောင်ရွက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတသစ် Biden ထံသို့ ရေးသားသော ၎င်း၏စာတွင် ဒေသတွင်းဒီမိုကရေစီစနစ် ဖြစ်ထွန်းမှုအပေါ် ခြိမ်းခြောက်မှုများနှင့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းကာကွယ်မှုတို့တွင် ဘရာဇီးလ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ရပ်တည်မှုတူညီလျက်ရှိပါကြောင်း၊ အမေရိကန် နှင့် ဘရာဇီးလ်နိုင်ငံတို့၏ ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားများ၏ အခြေခံအခွင့် အရေးနှင့် လွတ်လပ်ခွင့်တို့ကို အကာအကွယ်ပေးသည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီစနှစ်တို့ကို ပိုမိုထွန်းကားစေမည်ဖြစ်ကြောင်း၊ အခြေခံတန်ဖိုးထားမှုများ တူညီသည့်အတွက် နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံများနှင့် ပတ်သက်သည့် အရေးကိစ္စတွင် နှစ်နိုင်ငံအတူတကွ လက်တွဲဆောင်ရွက် ရန် ဆန္ဒရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

သမ္မတ Bolsonaro ၏ ပေးစာတွင် အမေရိကန်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးမူဝါဒများအပေါ် လက်တွဲလုပ်ဆောင်ရန် ဘရာဇီးလ်နိုင်ငံက အဆင်သင့်ရှိကြောင်း၊ အထူးသဖြင့် အမေဇုန်သစ်တော ကာကွယ်ရေးလုပ်ငန်းများအား အတူတကွလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Paris သဘော တူညီချက်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သမ္မတ Bolsonaro အစိုးရ၏ အမေဇုန်သစ်တောနှင့် သက်ဆိုင်သည့်မူဝါဒများအား ကိုင်တွယ်ဆောင်ရွက်မှုအား သမ္မတသစ် Biden က ဝေဖန်မှုများ ပြုလုပ်ခဲ့မှုအပေါ်တွင် တုန့်ပြန်ရေးသားခဲ့သည်။

အမေရိကန်သမ္မတသစ် Joe Biden ၏ တွစ်တာစာမျက်တွင်  ၎င်း၏ သမ္မတတာဝန် ထမ်းဆောင်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမြတ်သော အနာဂတ်တည်ဆောက်ရန် မျှော်မှန်း ချက်အပေါ်တွင် သမ္မတ Bolsonaro က သဘောတူညီမှုရှိကြောင်း ဘရာဇီးလ်-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်၍ ရေးသားထားသည်။

သုံးသပ်ချက်

ဘရာဇီးလ်သမ္မတ Bolsonaro သည် အမေရိကန်သမ္မတဟောင်း Donald Trump နှင့် ပုံမှန်မဟုတ်သော နီးကပ်သည့် ဆက်ဆံရေးများ ရှိခဲ့သည်။ ရွေးကောက်ပွဲ မဲရေတွက်မှုအရ သမ္မတ Donald Trump ရှုံးနိမ့်ကြောင်း သတင်းများ၌ စတင်ဖော်ပြချိန်တွင် သမ္မတ Bolsonaro သည် အမေရိကန်သမ္မတနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင်ဒီမိုကရက်ပါတီမှ Joe Biden ၏ နိုဝင်ဘာလရွေးကောက်ပွဲတွင် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ် ချီးကျူးပြောဆိုရန် တွန့်ဆုတ်နေခဲ့ကြောင်းသတင်းများတွင် ရေးသားဖော်ပြခဲ့သည်။ အမေရိကန် သမ္မတဟောင်း Donald Trump ၏ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်း အထောက် အထားမဲ့ စွပ်စွဲမှုနှင့် မဲလက်မှတ်များ ပြန်လည်ရေတွက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများတွင် လည်း ဘရာဇီးလ်သမ္မတက ထောက်ခံအားပေးသည့်သဘောထားများ ပြသခဲ့ကြောင်း သတင်း များတွင် ဖော်ပြခဲ့သည်။

Joe Biden အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုပြီးချိန်တွင် ဘရာဇီးလ် သမ္မတ Bolsonaro သည် သမ္မတ Joe Biden ဦးဆောင်သည့် အမေရိကန်အစိုးရသစ်နှင့် ဆက်ဆံရေးအသစ်ပြန်လည်ထူထောင်နိုင်ရေးအတွက် ယခင် Donald Trump အစိုးရနှင့် ဆက်ဆံ‌ရေးကောင်းမွန်ခဲ့သော ၎င်း၏အစိုးရအဖွဲ့တွင် အရေးပါသည့် နိုင်ငံခြားရေးဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် လုပ်ဆောင်နေကြောင်း သတင်းများတွင်ဖော်ပြလျက်ရှိသည်။

သမ္မတ Bolsonaro က သမ္မတ Joe Biden ထံသို့ ရေးသားပေးပို့သည့်စာသည် ဘရာဇီးလ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြားအရေးပါသည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံအဖြစ် ဆက်ဆံရေး တည်ဆောက်ရန်ရည်ရွယ်လျက် နှစ်နိုင်ငံပေါင်းစည်းရေးကို ရှေ့ရှုဖော်ပြခဲ့ကြောင်း တွေ့ရသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – In a letter to Biden, Bolsonaro defends a comprehensive Brazil-US free trade agreement

Loading