ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ဆန်မျိုးစုံ

မြန်မာနိုင်ငံဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) မှ ၂၇-၁-၂၀၂၁ ရက်နေ့ ထုတ်ပြန်သော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းတစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၃,၀၀၀ ကျပ်မှ ၃၄,၅၀၀ ကျပ်၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်းတစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၃၄,၀၀၀ ကျပ်မှ ၃၆,၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင် ၂၆,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်မှ ၂၄,၀၀၀ ကျပ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၂၁,၀၀၀ ကျပ်မှ ၂၂,၅၀၀ ကျပ်တို့ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်အသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်မှုများပြီး ၂၇-၁-၂၀၂၁ ရက်နေ့ ဈေးနှုန်းအရ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၄၄,၀၀၀ ကျပ်မှ ၄၆,၀၀၀ ကျပ်ဖြင့် လည်းကောင်း ရောင်းဝယ်မှုရှိသဖြင့် ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ဆန်သစ်များဖြစ်သောကြောင့် ဈေးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။ ဇန်နဝါရီလအတွင်း ဒေသအနှံ့ အပြားမှ ထွက်ရှိသော မိုးစပါးသစ်/ ဆန်သစ်များ ဈေးကွက်သို့ ဝင်ရောက်မှုများပြီး ဝယ်လိုအား အနေဖြင့် ပုံမှန်အခြေအနေသာရှိခြင်းစသည့်အချက်တို့ကြောင့် ဆန်ဈေးနှုန်းများ ကျရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်အသီးသီး (ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ မြောင်းမြ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်းနှင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ) မှ ဆန်မျိုးစုံနေ့စဉ်ဆန်အိတ်ပေါင်း (၅၀၀၀၀) ဝန်းကျင်ခန့် ဝင်ရောက်မှုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်များ ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

အစေ့ထုတ်ပြောင်း

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ ခူးဆွတ်နေချိန်ဖြစ်၍ ဈေးကွက်တွင်း ဝင်ရောက်မှုများ ခြင်း၊ ထွက်ရှိရာဒေသတွင် ရောင်းလိုအားများပြီး တိရစ္ဆာန်အစာစပ်လုပ်ငန်းများမှ ဝယ်လိုအား သာရှိခြင်းတို့ကြောင့် ယခုသီတင်းပတ်တွင်လည်း ယခင်သီတင်းပတ်ဈေးနှုန်းကဲ့သို့ အစေ့ထုတ် ပြောင်း ၅၄ ပိဿာလျှင် ၂၇,၅၄၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံထွက် ပြောင်းများကို ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုများရှိနေခြင်းကြောင့် ပြည်တွင်းပြောင်းဈေးကွက် အနည်းငယ် လှုပ်ရှားလာပြီး ယခု နှစ်တွင် ပြောင်းဈေးကွက် ပိုကောင်းလာနိုင်ကြောင်း ကုန်သည်များခန့်မှန်းပြောကြားချက်မှ သိရှိရသည်။

ပဲဈေးနှုန်း

ယခုသီတင်းပတ်အတွင်းဒေသအနှံအပြားမှ ထွက်ရှိသော မတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်မှုများခြင်းကြောင့် ကုန်သည်မှ အဝယ်လိုက်သော်လည်း ဈေးနှုန်းအနည်းငယ်ကျဆင်း လာမည့် အခြေအနေများဖြစ်ပေါ်နေသည်။ ယခင်သီတင်းပတ်တွင်  မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ၉၆၂,၅၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်ဈေးနှုန်းအရ တစ်တန်လျှင် ၉၄၂,၅၀၀ ကျပ် သို့ ကျဆင်းခဲ့ကြောင်း၊ လက်ရှိအနေအထားအရ ဝယ်လိုအားထက် ရောင်းလိုအားက များနေခြင်းကြောင့်လည်းကောင်း၊ ကုန်သည်ပွဲစားများကြား အရောင်းအဝယ်အေးခြင်းကြောင့် လည်းကောင်းယခုကဲ့သို့ ဈေးနှုန်းကျဆင်းလာခြင်းဖြစ်သော်လည်း အိန္ဒိယနိုင်ငံပြည်နယ် အချို့ တွင် မတ်ပဲစိုက်ခင်းများ ပျက်ဆီးသည့်သတင်းကြောင့်လည်းကောင်း၊ လက်လီလက်ကား အရောင်းစင်တာများတွင် အရောင်းအဝယ်သွက်ခြင်းကြောင့်လည်းကောင်း အိန္ဒိယမှ မြန်မာနိုင်ငံ ထွက် မတ်ပဲများကို ဝယ်လိုအားရှိလာနိုင်၍ ဈေးတက်မည့် အလားအလာရှိကြောင်း ကုန်သည် များမှ သုံးသပ်ကြသည်။ သို့သော် အိန္ဒိယနိုင်ငံဒေသအချို့တွင် မတ်ပဲသစ်များ စတင်ပေါ်လာ နေပြီး မတ်လကုန်လောက်တွင်  ဈေးကွက်ဝင်ရောက်မှုများလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ မတ်ပဲကဲ့သို့ ပဲစင်းငုံဈေးနှုန်းအနေဖြင့်လည်းယခင်သီတင်းပတ်တွင် (သင်္ဘောတင်)တစ်တန်လျှင် ၈၂၅,၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် ဈေးနှုန်းအရ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၇၆၅,၀၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တို့မှ ထွက်ရှိသော ပဲတီစိမ်းနှင့် ပဲတီရွှေဝါများရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့မှ ထွက်ရှိသော ပဲတီရွှေဝါမှာ အရည်အသွေးအကောင်းဆုံးဖြစ် သည်။ ပဲတီရွှေဝါမှာ တရုတ်ဝယ်လက်ရှိသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့သည်။ ဇန်နဝါရီလ ၂၀ ရက်တွင် ဝါးခယ်မမြို့နှင့် ပခုက္ကူမြို့မှ ထွက်ရှိသော ပဲတီစိမ်းသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၀,၄၂၀ ရှိခဲ့ရာမှ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျပ် ၁၂၀,၉၆၀ သို့လည်း ကောင်း၊ ပဲတီရွှေဝါမှာ ဇန်နဝါရီလ၂၀ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၁၂၀,၉၆၀ ရှိခဲ့ရာ မှ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျပ် ၁၂၄,၆၀၅ သို့လည်းကောင်း ရောက်ရှိလာသည်။ လက်ရှိ အနေ အထားအရတရုတ်နိုင်ငံမှ ပုံမှန်ဝယ်ယူမှုရှိပြီး ဈေးကွက်အတွင်း ပဲတီစိမ်းဝင်ရောက်မှု နည်းနေခြင်းနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိခြင်းတို့ကြောင့် ဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ

ကြက်သွန်နီမှာ ယခုသီတင်းပတ်အတွင်း ဆိပ်ဖြူ၊ မြစ်သား၊ ဆင်ဖြူကျွန်းမှ မိုးစိုက် ကြက်သွန်နီအသစ်များ ဝင်ရောက်လာပြီးလက်ကျန် နွေကြက်သွန်နီအဟောင်းများ အဝင်များ နေဆဲဖြစ်ခြင်းကြောင့် ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုများလာခြင်း၊ သီးနှံအဟောင်းများ အရည်အသွေးညံ့လာချိန်ဖြစ်ခြင်း၊ ဝယ်လိုအားနည်းခြင်းတို့ကြောင့်ယခင်တစ်ပတ် ဈေးနှုန်းအရ ကြက်သွန်နီတစ်ပိဿာလျှင် ၁၅၀ မှ ၇၀၀ကျပ်နှုန်းရှိပြီး ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၁၅၀ ကျပ်မှ ၅၀၀ ကျပ်သို့ ဈေးနိမ့်သွားကြောင်းသိရှိရသည်။ ကားတစ်စီးလျှင် ပိဿာ ၆၀၀၀ ဝင်ဆံ့ သော ပျမ်းမျှအားဖြင့် ကားအစီးပေါင်း ၃၀ ခန့် နေ့စဉ်ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူမှာ ဝင်ရောက်မှုပုံမှန်ရှိပြီး ဝယ်လိုအားအနည်းငယ်ကျသောကြောင့် ယခုတစ်ပတ် အတွင်း ဈေးအနည်းငယ်ကျခဲ့ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်းနေ့စဉ် ပျမ်းမျှ ၁၈၀၀ အိတ် (၅၄,၀၀၀ပိဿာ) ဝင်ရောက်မှုရှိသည်။ ရှမ်းပြည်နယ်မှ ငရုတ်ခြောက်(ရှည်) အသစ် များနှင့် အိန္ဒိယ၊ နယ်သာလန်၊ ဧရာဝတီတိုင်းဒေသကြီးအိမ်မဲ၊ ပန်းတနော်မှလည်းကောင်း၊ သာစည်၊ ပျော်ဘွယ်မှ မိုးထောင်ငရုတ်များ ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုရှိပြီး ရောင်းလိုအားမှာ ဝယ်လိုအားထက်  အနည်းငယ်များသဖြင့် ယခုသီတင်းပတ်အတွင်း ဈေး အနည်းငယ်ကျကြောင်းတွေ့ရသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်နီးပါးလည်ပတ်လာနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးသီရိမင်္ဂလာဈေးကွက်အတွင်းသို့ ကုန်စည်ဝန်ဆောင်ယာဉ်များ ပုံမှန်ဝင် ရောက်မှုရှိသော်လည်း ရာသီသီးနှံများထွက်ရှိမှု များလာသဖြင့် ဈေးကွက်တွင်းဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများဝင်ရောက်မှုများခြင်းနှင့် အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခုသီတင်းပတ် အတွင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးနှုန်းများကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

                                                                            (ဒေါ်ဖြူမာချို၊ ရန်ကုန်ဈေးကွက်တာဝန်ခံ)

Loading