ပြည်ပသတင်းများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်တင်သွင်းမှုအပေါ် သွင်းကုန် ခွန်အား ၂၅ ရာခိုင်နှုန်းသို့ လျော့ချခဲ့ခြင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်း၌ ဈေးနှုန်းမြင့်တက် မှုကို ထိန်းသိမ်းရန်နှင့် အရန်ဆန် ဖူလုံမှုကို တိုးမြှင့်ရန်အတွက် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်အခွန် အား ၆၅% မှ ၂၅% သို့ လျော့ချမည်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီး Mr. Sadhan Chandra Majumdar က ၂၇-၁၂-၂၀၂၀ နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရ ပါသည်။

ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနဌာန၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဆန်တန်ချိန် ၅၄၆ သိန်းခန့် ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ် သီးနှံစိုက်ပျိုးရေးရာသီ၌ ရေကြီးမှုများကြောင့် ဆန်တန်ချိန် ၁၅ သိန်းခန့် ထုတ်လုပ်မှုလျော့ကျခဲ့ကြောင်း၊ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခုဘဏ္ဍာနှစ်အတွင်း ဘာစမာတီမဟုတ်သော ဆန်များအား တန်ချိန် ၅ သိန်းအထိ တင်သွင်းဖွယ်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Mr. Majumdar က အစိုးရသည် စားသုံးသူများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်အောင် ဆန်တင် သွင်းမှုအား ကြပ်မတ်လုပ်ဆောင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းမှစ၍ ဆန်ကုန်သည်များသို့ သွင်းကုန်လိုင်စင်များ ချထားပေးမည်ဟု ပြောဆိုကြောင်း၊ အိန္ဒိယဆန် တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Vinod Kaul က အိန္ဒိယကုမ္ပဏီ ၂ ခုသည် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁ သိန်းတင်ပို့ရန် စာချုပ်ချုပ်ဆိုထား ပြီးဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစိုးရချင်း သဘောတူညီမှုဖြင့် ဆန်တန်ချိန် ၂.၅ သိန်း ကို ဝယ်ယူမည်ဖြစ်သည်ဟု ပြောကြားကြောင်း၊ ကျန်ရှိသော ဆန်တန်ချိန် ၁.၅ သိန်းကို ပုဂ္ဂလိက ကုန်သည်များမှတစ်ဆင့် ဝယ်ယူတင်သွင်းဖွယ်ရှိကြောင်းဖြင့် အိန္ဒိယသတင်းဌာနများက ဖော်ပြ ပါသည်။

လက်ရှိကာလတွင် IR64 အမျိုးအစား ဆန်ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဈေးကွက်၌ ရူပီးငွေ ၄၀ ခန့်ရှိပြီး အိန္ဒိယနိုင်ငံ၌ ဘာစမာတီမဟုတ်သော ဆန်များအား အများဆုံး စိုက်ပျိုးထုတ်လုပ်ရာ အနောက်ဘင်ဂယ်လ်ပြည်နယ်၌ ၂၄ ရူပီးခန့်သာ ကျသင့်သဖြင့် ၎င်းဒေသရှိ ဆန်တင်ပို့သူကုန်သည်များအနေဖြင့် အကျိုးဖြစ်ထွန်းမှု ပိုမိုရရှိမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:   1. Bangladesh reduces import duty on rice to 25%, 28 Dec 2020, Economic Times

  1. Bangladesh to cut duty on rice imports to cool record local prices, 27 Dec 2020, in.reuters.com

Loading