ပြည်ပသတင်းများ

Covid Negative Test ပါရှိလျှင် ဗြိတိန်နှင့် တောင်အာဖရိကနိုင်ငံတို့မှ ခရီးသွားများအား နယ်သာလန် နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုဖွယ်ရှိခြင်း

ဗြိတိန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံတို့မှ နယ်သာလန် နိုင်ငံသို့ ဝင်ရောက်မည့်ခရီးသွား များအား (၇၂) နာရီအတွင်းစစ်ဆေးထားသည့် Covid Negative Test ပါရှိလျှင် ပြန်လည်ခွင့်ပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံမှ ခရီးသွားများ နယ်သာလန်နိုင်ငံသို့ ဝင်ရောက် ခွင့်နှင့်စပ်လျဉ်း၍ ဖြစ်နိုင်ဖွယ်ရှိသည့် ယင်းဖြေလျှော့မှုကို နယ်သာလန်နိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့် ရေစီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး Ms. Cora van Nieuwenhuizen နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Stef Blok တို့က ၂၂-၁၂-၂၀၂၀ နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခရစ္စမတ်အားလပ်ရက်ကာလတွင် ဗြိတိန်နိုင်ငံမှ နယ်သာလန်နိုင်ငံသို့ ပြန်လာမည့်သူ များအတွက် နယ်သာလန်နိုင်ငံမှ ချမှတ်ထားသော ခရီးသွားလာခွင့်ပိတ်ပင်ချက်စည်းမျဉ်းများ ဖြေလျှော့ ပေးရန်ကိုမူ ကတိကဝတ်ပြုထားခြင်းမရှိကြောင်း၊ ပြီးခဲ့သည့် ၂၀-၁၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဗြိတိန်နိုင်ငံမှ လေကြောင်းခရီးစဉ်များအား နယ်သာလန်နိုင်ငံသို့ ဝင်ရောက် ခွင့်မပြုခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံ၏ ဆိပ်ကမ်းများမှ ထွက်ခွာလာသည့် ခရီးသည်တင် ရေယာဉ်များ ကိုလည်း နယ်သာလန်နိုင်ငံဆိပ်ကမ်းများ၌ ရပ်နားခွင့်မပြုခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံနှင့် ပြေးဆွဲ သည့် Eurostar trains ခရီးစဉ်များမှာမူ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့က ကန့်သတ်ထား ခြင်းကြောင့် နယ်သာလန်နိုင်ငံသို့ ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ ဗြိတိန်နှင့် အီးယူနိုင်ငံများ အကြား Channel tunnel များမှတစ်ဆင့် ကုန်တင်ရထားများ၊ ခရီးသည်များသွားလာခြင်းကို လည်း တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ခရီးသွားလာမှုများ ပိတ်ပင်ထားသည့်အခြေအနေ ကြာရှည်မဖြစ်ရန် မျှော်လင့် ထားကြောင်း နယ်သာလန်နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် ရေစီမံခန့်ခွဲမှုဝန်ကြီးဌာန ဝန်ကြီး Ms. Cora van Nieuwenhuizen က ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံ တို့သည် ဗီဇပြောင်း SARS-Cov-2 နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအား ထိန်းချုပ်နိုင်ရေး ကြိုးစား နေကြပြီး၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်သည် ကူးစက်မှု ပိုမိုမြန်ဆန်နိုင်သည်ဟု ယူဆထား ပါသည်။ ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ၎င်းဗိုင်းရပ်စ် အမျိုးအစားကို ယခုလအစောပိုင်းက နယ်သာလန်နိုင်ငံတွင် တွေ့ရှိ ခဲ့ကြောင်းလည်း သိရှိရပါသည်။

ရင်းမြစ် –  (နယ်သာလန်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading