ပြည်တွင်းသတင်းများ

အမျိုးသားစိုက်ပျိုးရေး သုတေသနစနစ် ပြန်လည်ဖွဲ့စည်း ရေးလုပ်ငန်းအဖွဲ့ (National Agriculture Research System Reform Working Group – NARS RWG) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

အမျိုးသားစိုက်ပျိုးရေး သုတေသနစနစ် ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းအဖွဲ့ (NARS RWG) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်က Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စီမံကိန်း ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှု ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့် ပြည်တွင်း/ ပြည်ပမှ ပြင်ပပညာရှင်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာကဏ္ဍ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင်-

  • အစည်းအဝေးကို Virtual Meeting စနစ်ဖြင့် တက်ရောက်လာကြပါသော ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကိုဗစ်- ၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း၊
  • အမျိုးသားစိုက်ပျိုးရေး သုတေသနစနစ် ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းအဖွဲ့ (NARS RWG) ၏ အဓိက လုပ်ငန်းတာဝန်မှာ စိုက်ပျိုးရေးသုတေသနပင်မစီမံချက် (Agricultural Research Master Plan- ARMP ) ရေးဆွဲခြင်းလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ARMP သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးဆွဲပြဌာန်းပြီးဖြစ်သော စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (Agricultural Development Strategy) လမ်းစဉ်အရ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊
  • နိုင်ငံတော်အနေဖြင့် အမျိုးသားအဆင့်အနေဖြင့် မြန်မာနိုင်ငံ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုကောင်စီကို ဖွဲ့စည်းထားပြီး၊ ပညာရေးဝန်ကြီးဌာနက ဦးဆောင် မြန်မာ နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကို ပြုစုခဲ့ကြောင်းနှင့် အဆိုပါ ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၂) ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် အတည်ပြု ပြဌာန်းပြီးဖြစ်ပါကြောင်း၊
  • ထိုဥပဒေကို အခြေခံ နိုင်ငံတော်၏ ဒုတိယ သမ္မတ (၁) က ဥက္ကဌအဖြစ် ဦးဆောင်ကာ၊ ဝန်ကြီး ဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၂၈) ဦးပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဖွဲ့စည်းခဲ့ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊
  • အဆိုပါကောင်စီအောက်တွင် ဝန်ကြီးဌာနအလိုက် နည်းပညာရပ်အလိုက် သက်ဆိုင်ရာ နည်းပညာ ကော်မတီ (၈) ခု ထပ်ဆင့်ဖွဲ့စည်းထားရာ၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာကော်မတီကို ဖွဲ့စည်း အဆိုပြုခဲ့ပြီး ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်လျက် စုစုပေါင်း အဖွဲ့ဝင် (၂၀) ဦးပါရှိပါကြောင်း၊
  • ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင်လည်း သုတေသနလုပ်ငန်းရပ်များ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်အလိုက် သုတေသနလုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခြင်းတို့ ပါရှိကြောင်း၊
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာ ကော်မတီအောက်တွင် သုတေ သနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဖွဲ့ (၇)ဖွဲ့ကိုလည်း ပြည်ထောင်စု ဝန်ကြီးရုံးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့ ရက်စွဲဖြင့် ထပ်ဆင့်ဖွဲ့စည်း တာဝန် ပေးအပ်ပြီးဖြစ်ပါကြောင်း၊
  • အဆိုပါ လုပ်ငန်းအဖွဲ့ (၇) ဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ADS and Investment Plan တွင်ပါရှိသော ARMP ရေးဆွဲခြင်း လုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဖြစ်သည့် (၇) ဖွဲ့ဖြစ်ပါ ကြောင်း၊
  • ဒုတိယဝန်ကြီးဦးဆောင်သော NARS အလုပ်အမှုဆောင်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာကော်မတီ၏ အစိတ်အပိုင်းတစ်ခုဖြစ်သကဲ့သို့ ARMP ရေးဆွဲခြင်းအတွက် အဓိက ဦးဆောင် အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့် ARMP ရေးဆွဲခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် လုပ်ငန်းတာဝန်များကို ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဥက္ကဌ စိုက်ပျိုးရေး သုတေ သနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း၊
  • ယနေ့ကျင်းပပြုလုပ်သည့် NARS RWG ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
  • ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က NARS ၏ လုပ်ငန်းဆာင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာတွင်-အစည်းအဝေး ကျင်းပ ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ စိုက်ပျိုးရေးသုတေသန ပင်မစီမံကိန်း (ARMP) ရေးဆွဲ ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊ ဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်များနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေးသုတေသန စနစ်အတွက် လမ်းညွှန်မှုပေးရန်နှင့် မူဝါဒများ သုံးသပ် ချက်များအပေါ် လိုအပ်သည့် စိုက်ပျိုးရေးသုတေသနစနစ် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက် ပေးခြင်းတို့အတွက် ညှိနှိုင်းဆွေးနွေးလျက် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်ကြောင်း၊
  • စိုက်ပျိုးရေးသုတေသနပင်မစီမံကန်း (ARMP) ၏ အဓိက ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးသုတေသနစနစ်ကို စုစည်းကျစ်လစ်စွာဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေးသုတေသနအင်အား ဖြည့်ဆည်းပေးနိုင်ရန်နှင့် စွမ်းဆောင် ရည် မြှင့်တင်ပေးရန်နှင့် ရှေ့လာမည့် နှစ် (၂၀)၊ ၂၀၄၀ ပြည့်နှစ်ကို မျှော်မှန်းလျက် သုတေ သီနှင့် အခြေခံအဆောက်အဦ လိုအပ်ချက်၊ ပြုပြင်ရန်လိုအပ်သည့် သုတေသနဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှုများ၊ မူဝါဒများကို ဖော်ထုတ်ပေးရန်တို့ ဖြစ်ကြောင်း၊
  • မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုကို အခြေခံ အနာဂတ်ဆယ်စုနှစ် (၂) ခုစာ မျှော်မှန်း၍ ၂၀၄၀ ပြည့်နှစ်တွင် မြန်မာ့စိုက်ပျိုးရေးသုတေသန၏ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်စွမ်းအား မြှင့်တင်နိုင်ရေး ကြိုတင်ခန့်မှန်းရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းအဖွဲ့ (၇) ခုဖွဲ့စည်းထားကြောင်း၊
  • ယင်းအဖွဲ့အစည်း (၇) ခုမှာ-သီးနှံမျိုးကောင်း မျိုးသန့် မွေးမြူထုတ်လုပ်ခြင်းနှင့် ဇီဝနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့၊ သီးနှံစိုက်ပျိုးရေးနည်းစနစ်ဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့၊ ရိတ်သိမ်းချိန်လွန် သိုလှောင်ခြင်းနှင့် ပြင်ဆင်ထုတ်ပိုးခြင်းဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့၊ သဘာဝအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်း အဖွဲ့၊ မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်း အဖွဲ့၊ လူမှုစီးပွါးရေးဆိုင်ရာ သုတေသနလုပ်ငန်းအဖွဲ့ ဟူ (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားရာ၊ အဆိုပါ အဖွဲ့ (၇) ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ချမှတ်ထားသည့် လုပ်ငန်း ဇယား အရ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ဆုံးဖြတ်ရမည့်အချက်များအား တင်ပြဆွေးနွေးခဲ့ပါသည်။
  • ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ရှေ့ဆက် လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ရမည့်အချက်များအပေါ် သဘော ထားအမြင်များအား ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

Loading