ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

မန္တလေးဈေးကွက်တွင် ပဲဈေးနှုန်းများအနေဖြင့် ပဲစင်းငုံမှာ အိန္ဒိယသို့ တင်ပို့ရန်ရှိသော်လည်း ရန်ကုန်ဝယ်လက်အဆွဲနည်းခြင်း၊ ဈေးနိမ့်ဝယ်ယူနေခြင်းတို့ကြောင့် ဈေးကျနေသည်ကို တွေ့ရပါသည်။ မတ်ပဲမှာလည်း ရန်ကုန်ဝယ်လက်မရှိခြင်း၊ ပဲခွဲစက်များမှလည်း ဝယ်လိုအားနည်း ခြင်းတို့ကြောင့် ယခင်တစ်ပတ် (၃) တင်းတစ်အိတ်လျှင် ပျမ်းမျှ  ၁၁၃,၀၀၀ ကျပ်မှ ယခုတစ်ပတ် ၁၀၉,၀၀၀ ကျပ်ထိ ဈေးနှုန်းကျလာကြောင်း သိရပါသည်။ ပဲတီစိမ်း (အညာ) မှာ တရုတ်မှ ပုံမှန် အဆွဲရှိသောကြောင့် (၃) တင်းတစ်အိတ်လျှင် ပျမ်းမျှ ၁၂၈,၅၀၀ ကျပ်ထိ ဈေးမြင့်နေကြောင်း သိရှိရပါသည်။ ကုလားပဲမှာ တရုတ်မှ အဆွဲရှိခြင်း၊ ပြည်တွင်းပဲခွဲစက်များမှလည်း ဝယ်ယူမှုရှိ သောကြောင့် ယခုတစ်ပတ်ဈေးနှုန်းမြင့်လာကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းကို အစာ စပ်သမားများသာ ဝယ်ယူမှုရှိခြင်းတို့ကြောင့် (၅၄) ပိဿာလျှင် ပျမ်းမျှ ၂၂,၇၅၀ ကျပ်ထိ ဈေးကျ လာသည်ကိုတွေ့ရပါသည်။

စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီကို ယခုတစ်ပတ် တရုတ်နှင့် ဘင်္ဂလားဒေရှ့်မှ အဆွဲနည်းခြင်း၊ ပြည်တွင်းလက်ကျန်များခြင်းတို့ကြောင့် ယခုတစ်ပတ် အကြီးတစ်ပိဿာလျှင်  ၇၀၀ ကျပ်၊ အလတ်စ ၆၀၀ ကျပ်နှင့် အသေး ၅၀၀ ကျပ်ထိ ဈေးကျလာကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ(ရှမ်း) မှာ တစ်ပိဿာပျမ်းမျှ ၂၆၀၀ ကျပ်ထိ ဈေးမြင့်လာသောကြောင့် အရောင်း အဝယ်ပါးနေကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) မှာ ဈေးကွက်သို့ ပစ္စည်းပုံမှန် ဝင်ရောက်မှုရှိပြီး၊ တစ်ပိဿာလျှင် ပျမ်းမျှ ၁,၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ အောင်ပန်းအာလူးအသစ်များ စတင်ဝင်ရောက်လျှက်ရှိသော်လည်း မန္တလေးဈေးကွက်တွင် အကြမ်းခံပြီး အရည်အသွေးကောင်းသော တရုတ်အာလူးများသာ အဓိကရောင်းဝယ်လျှက်ရှိပြီး တစ်ပိဿာလျှင် ပျမ်းမျှ ၈၂၅ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရှိရပါသည်။ ဂျင်းအသစ်များ အလေးချိန်ရသဖြင့် တူးဖော်မှုများပြီး  တစ်ပိဿာလျှင်ပျမ်းမျှ ၁,၅၅၀ ကျပ်ဖြင့် ရောင်းဝယ်လျှက် ရှိကြောင်းသိရှိရပါသည်။

ဟင်းသီးဟင်းရွက်ဈေးနှုန်းအနေဖြင့် အင်းခရမ်းချဉ်မှာ ပုံမှန်ဝင်ရောက်လျှက်ရှိသော်လည်း မြေပြန့် (ထိုင်ဝမ်) သီး မထွက်ခင် စပ်ကူးမတ်ကူးကာလဖြစ်၍ ယခုတစ်ပတ် တစ်သေတ္တာလျှင် ပျမ်းမျှ ၁၀,၅၀၀ ကျပ်ထိဈေးမြင့်လာကြောင်းသိရှိရပါသည်။ စားပြောင်းများ ဈေးကွက်သို့ အဝင် နည်းခြင်းကြောင့် အဖူး (၁၀၀) လျှင် ပျမ်းမျှ ၁၄,၀၀၀ ကျပ်ဈေးရှိပြီး ငရုတ်စိုဈေးနှုန်း အနေဖြင့် အရောင်းအဝယ်ပုံမှန်သာရှိသောကြောင့် ဈေးနှုန်းပြောင်းလဲမှု သိပ်မများသည်ကို တွေ့ရပါသည်။

သစ်သီးဝလံအနေဖြင့် လိမ္မော်သီးများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျှက်ရှိသော ကြောင့် ပိဿာ (၁၀၀) လျှင် ပျမ်းမျှ ၉၀,၀၀၀ ကျပ်ထိ ဈေးကျလာပြီး ထောပတ်သီးများ အဝင် များသော်လည်း အသီးအရည်အသွေးကောင်းခြင်းကြောင့် (၁၀) လုံးလျှင် ပျမ်းမျှ ၂,၁၀၀ ကျပ် ဈေးရှိကြောင်း သိရှိရပါသည်။

                        (ဒေါ်ဆွေဇင်ညွန့်၊ မန္တလေးဈေးကွက်)

Loading