ပြည်ပသတင်းများ

ကပ်ရောဂါကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန် ကုန်သွယ်မှုအပေါ်ရိုက်ခတ်မှုသည် အခြားကဏ္ဍ များထက် လျော့နည်းခဲ့ခြင်း

ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်၏ စာရင်းများအရ ဘယ်လ်ဂျီယံနိုင်ငံ၏စိုက်ပျိုးရေး ထုတ်ကုန်ကုန်သွယ်မှု အပေါ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုသည် အခြားကဏ္ဍများ အပေါ် ရိုက်ခတ်မှုထက် လျော့နည်းသက်သာခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၏ ပထမ (၇) လအတွင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသမှ လယ်ယာထွက်ပစ္စည်းကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်၊ ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။ အလားတူကာလတွင် အခြားပို့ကုန်လုပ်ငန်းကဏ္ဍများ၏ တင်ပို့မှုသည် ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်တွင် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုသည်။

အဆိုပါကာလတွင် ဘယ်လ်ဂျီယံ၏ လယ်ယာထွက်ပို့ကုန်တင်ပို့မှုမှာ ယူရို ၂၂ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး၊ တင်သွင်းမှုမှာ ယူရို ၁၉  ဘီလီယံရှိခဲ့ကြောင်း၊ သို့ရာတွင် လယ်ယာထွက်ပို့ကုန် တင်ပို့မှု၌ အကန့်အသတ်ဖြင့်သာ ထိခိုက်ဆုံးရှုံးမှု ရှိခဲ့ရခြင်းမှာ ယခုနှစ်၏ ပထမသုံးလပတ် အတွင်းက တင်ပို့မှုမြင့်မားခဲ့သည့် ကိန်းဂဏန်းများကြောင့်ဖြစ်ကြောင်း၊ ပထမသုံးလပတ်တွင် လယ်ယာထွက် ပို့ကုန်တင်ပို့မှုသည် ၂၀၁၉ ခုနှစ်ကထက် ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ဧပြီလနှင့် မေလတို့တွင် ၉ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်အရ သိရသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လတ်ဆတ်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် များ၊ အေးခဲထားသော ဟင်းသီးဟင်းရွက်များကဲ့သို့သော လယ်ယာထွက်စားသောက်ကုန်များ သည် ထိခိုက်မှုအနည်းဆုံးဖြစ်ခဲ့ကြောင်း၊ နို့ထွက်ပစ္စည်းများအပါအဝင် တိရစ္ဆာန်ထွက်ကုန်များသည် လည်း ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး၊ ၎င်းကုန်စည်များကုန်သွယ်မှုတွင် ၁ ရာခိုင်နှုန်း ခန့် တိုးတက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးသီးနှံများ အထူးသဖြင့် အာလူးကဲ့သို့သော ကုန်စည်များ တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလတွင် တိုးတက်မှုရှိခဲ့ပြီး၊ ဧပြီလနှင့် မေလ တို့တွင် ပြန်လည်ကျဆင်းခဲ့ကြောင်း၊  ယခုနှစ်၏ ပထမ (၇) လအတွင်း စာရင်းဇယားများအရ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်ခက်ခဲနေသည့်အခြေအနေတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် အခြားကဏ္ဍများထက် ပိုမိုကောင်းမွန်သည့်အခြေအနေကို ပြသနေ ကြောင်း သိရပါသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading