ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်များ ဆုံးရှုံးနိုင်ဖွယ်ရှိမှုကို ဘယ်လ်ဂျီယံကုမ္ပဏီများက စိုးရိမ်လျက်ရှိခြင်း

ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်က ထုတ်ပြန်ခဲ့သည့် ကိန်း ဂဏန်းများအရ ဘယ်လ်ဂျီယံနိုင်ငံ ကုမ္ပဏီများ၏ လည်ပတ်ငွေကြေးဆုံးရှုံးမှုမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၇ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး၊ အဆိုပါအခြေအနေသည့် ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ ကာလထက် ၃ ရာခိုင်နှုန်း ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင် သူ (self-employed) များနှင့် အသေးစားလုပ်ငန်းများသည် အသွားအလာကန့်သတ်မှု အစီအမံ များကြောင့် သိသိသာသာ ထိခိုက်မှုရှိခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်၏ စာရင်း ဇယားများ ကဆိုသည်။ အထူးသဖြင့် ဧည့်ဝန်ဆောင်မှုကဏ္ဍ၊ လက်လီ/ လက်ကားကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများမှာ ပိုမိုအထိနာကြကြောင်း၊ ကုမ္ပဏီလုပ်ငန်းများ၏ လည်ပတ်ငွေဆုံးရှုံးမှုသည် ပထမအကြိမ်ပြုလုပ်ခဲ့သည့် lockdown ကာလထက် လျော့နည်းခဲ့ သော်လည်း ကုမ္ပဏီအများစုက ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြ ကြောင်း သိရသည်။

စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်အတွင်း ၎င်းတို့ ၏ လုပ်ငန်းလည်ပတ်ငွေကြေးသည် ပုံမှန်အဆင့်အောက် ၁၂ ရာခိုင်နှုန်း ဆက်လက်လျော့နည်း မည်ဟု မျှော်မှန်းထားကြပြီး၊ ပုဂ္ဂလိကကဏ္ဍ၌ အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက် ၆၀,၀၀၀ အောက်တွင် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ စစ်တမ်းပါကုမ္ပဏီများ၏ ၁၂ ရာခိုင်နှုန်းက မကြာမီကာလအတွင်း ဒေဝါလီခံရနိုင်ခြေရှိမှုကို စိုးရိမ်ကြကြောင်း၊ ၎င်းကုမ္ပဏီများ၏ ၂၉ ရာခိုင် နှုန်းသည် ဧည့်ဝန်ဆောင်မှုကဏ္ဍ၊ ၂၈ ရာခိုင်နှုန်းမှာ အနုပညာ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေကဏ္ဍ၊ ၂၀ ရာခိုင်နှုန်းမှာ ထောက်ပံ့သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ၁၇ ရာခိုင်နှုန်းမှာ စားသောက်ကုန် မဟုတ်သည့် လက်လီပစ္စည်းကဏ္ဍတို့မှဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် e-commerce အပိုင်း၌ သိသိသာသာတိုးတက်လာခဲ့သည်ဟု  ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်အရ သိရသည်။

ရင်းမြစ် –  (vrt NWS flandersnews.be)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading