ပြည်တွင်းသတင်းများ

ပခုက္ကူဈေးကွက် ကြက်သွန်နီရောင်းဝယ်မှု အခြေအနေ

ပခုက္ကူမြို့ရှိ ကျောင်းကြီးဝိုင်းသည် ကြက်သွန်နီကုန်သည် ပွဲစားများ ဈေးပြိုင်စနစ်ဖြင့် ရောင်းဝယ်ရာ နေရာတစ်ခုဖြစ်ပြီး ပုလဲ၊ ယော၊ ပေါက်၊ ပခုက္ကူမြို့နယ်များမှ ကြက်သွန်နီများ ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

ယခုအခါ အဆိုပါဈေးကွက်သို့ ပခုက္ကူ၊ ပေါက်၊ ပုလဲမြို့နယ်များမှ ဆောင်းကြက်သွန် များ ဝင်ရောက်လျက်ရှိပြီး ၁၈-၁၁-၂၀၂၀ ရက်နေ့တွင်  ကြက်သွန်နီပိဿာချိန် (၁၃၀,၀၀၀) ကျော် ဝင်ရောက်ခဲ့ကာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ဟင်္သာတမြို့များသို့ တင်ပို့မှုရှိခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိဈေးနှုန်းအနေဖြင့် ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ၅၂၅ ကျပ် မှ ၅၅၀ ကျပ်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ၄၇၅ ကျပ်မှ ၅၀၀ ကျပ်၊ ကြက်သွန်နီ (အသေး) တစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၄၅၀ ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

ယခင်နှစ်အလားတူကာလတွင် ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ၂,၃၀၀ ကျပ် ဝန်းကျင်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ၂,၁၀၀  ကျပ်ဝန်းကျင်၊ ကြက်သွန်နီ(အသေး) တစ်ပိဿာလျှင် ၁,၉၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ပြည်ပနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ တင်ပို့မှုများရှိခြင်းကြောင့် ကြက်သွန်ဈေးများ ကောင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် Covid-19 ကပ်ရောဂါကြောင့် ပြည်ပတင်ပို့ရမှုနည်းခြင်း၊ အောက်တိုဘာ လတွင် ဘင်္ဂလားဒေ့ရှ်မှ အဝယ်အနည်းငယ်ရှိခဲ့သော်လည်း နောက်ပိုင်းတွင်အဝယ်မရှိတော့ခြင်း၊ ပြည်တွင်း၌ အသွားအလာကန့်သတ်မှုများကြောင့် လမ်းခရီးကြန့်ကြာမှုများ ရှိသဖြင့် အခြားဈေးကွက်များသို့ တင်ပို့ရမှုနည်းခြင်း၊ မိုးကြက်သွန်နီများ အစိုက်နောက်ကျခြင်းကြောင့် အထွက် နောက်ကျသဖြင့် နိုဝင်ဘာလကုန်တွင် စတင်ဝင်ရောက်လာမည်ဖြစ်ခြင်း၊လက်ရှိကြက်သွန်နီများ မှာ ကြာရှည်သိုလှောင်ထားနိုင်မှုမရှိခြင်း၊ တက်ဈေးမျှော်မှန်း၍မရသဖြင့် ကုန်သည်များမှ ဝယ်ယူ သိုလှောင်မှုနည်းခြင်းတို့ကြောင့်   ကြက်သွန်ဈေးများ နိမ့်ခဲ့သည်ကိုတွေ့ရသည်။

ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် တက်ဈေး စောင့်ရန်အတွက် သိုလှောင်ထား ရာ၌ အလေးအချိန်လျော့ကျခြင်း၊ ဈေးနှုန်းမှာလည်း လက်ရှိကာလအထိ ဆက်လက်နိမ့်နေခြင်း တို့ကြောင့် အမြတ်အစွန်း သိသာစွာ ရရှိမှုမရှိဘဲ အရင်းကာမိရုံသာ ရှိနေကြောင်း သိရှိရပါသည်။

ဈေးကွက်သတင်းဌာနစိတ်(MIS)

Loading