ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

မန္တလေးဈေးကွက်တွင် ဆီထွက်သီးနှံများအနေဖြင့် မြေပဲ (လုံးဆန်/ ဆီဆန်) မှာ တရုတ် က အာဖရိကမှ လှည့်၍ဝယ်ယူနေခြင်းကြောင့် ဈေးကွက်အတွင်းမှ တရုတ်ဝယ်လက်နည်းသွား ခြင်းကြောင့် လုံးဆန်ဈေးနိမ့်သွားပြီး ဆီဆန်မှာ ဆီစက်များ ဝယ်ယူမှုနည်းခြင်း၊ အရည်အသွေး ပေါ်မူတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် ဈေးနိမ့်သွားပါသည်။ နှမ်းမျိုးစုံ (ဖြူ/ ညို/ နက်) ဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆောင်းစိုက်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ တရုတ်ဝယ်လက် ရှိခြင်းတို့ကြောင့် ဈေးမြင့်နေပြီး၊ နှမ်းညိုနှင့် နှမ်းနက်မှာ ဧရာ၀တီမြစ်ရိုးမှ အဝင်အနည်းငယ်ရှိ ခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် ယခင်တစ်ပတ်ထက် ဈေးနိမ့်သွား ကြောင်း သိရှိရပါသည်။ ပန်းနှမ်းနှင့် နေကြာမှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းရှိ သော်လည်း အရောင်းအဝယ်ဖြစ်မှုနည်း၍ ဈေးနိမ့်သွားကြောင်း သိရှိရပါသည်။

ပဲမျိုးစုံဈေးနှုန်းအနေဖြင့် ရန်ကုန်ဝယ်လက်အဓိကဖြစ်သော မတ်ပဲနှင့် ပဲစဉ်းငုံမှာ အိန္ဒိယ သို့ တင်ပို့ရန်ရှိသော်လည်း ရန်ကုန်ဝယ်လက်အဝယ်နည်းခြင်း၊ ပြည်တွင်းဝယ်လက် သိသိသာသာ မရှိသေးခြင်း၊ စက်သမား၊ လုပ်ငန်းသမားအဝယ်မျှသာရှိ၍ နှစ်မျိုးလုံးဈေးနိမ့်နေကြောင်း သိရှိရ ပါသည်။ ပဲတီစိမ်း (အညာ) မှာ ဆောင်းစိုက်မဝင်သေးခြင်း၊ ရန်ကုန်ဝယ်လက်နှင့် တရုတ်ဝယ်လက် များရှိသဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်လာကြောင်း သိရှိရပါသည်။ ကုလားပဲ (လုံးဖြူကြီး/ လုံးဝါကြီး) တို့မှာ စိုက်ပျိုးချိန်ဖြစ်၍ မျိုးဈေးကောင်းသော်လည်း ပဲကြော်/လှော်လုပ်ငန်းရှင်များ အဝယ်နည်းသဖြင့် နှစ်မျိုးလုံးဈေးနိမ့်နေပါသည်။ ထောပတ်ပဲ (ကြီး/သေး) တို့မှာ ဆောင်းစိုက် ပြင်ဆင်စဖြစ်ခြင်း၊ မိုးလက်ကျန်နည်းသော်လည်း ယခုတစ်ပတ် တရုတ်ဝယ်လက်နည်းသွားသဖြင့် ဈေးမသိမသာနိမ့်သွားကြောင်း သိရှိရပါသည်။ ပဲယင်းဝါမှာ လက်ကျန်နည်း၊ စတင်စိုက်ပျိုးစဖြစ်၍ အရောင်းအဝယ်အေးသော်လည်း ပစ္စည်းရှားကာဈေးမြင့်သွားပါသည်။ ပဲပုတ် (မြန်မာ/ရှမ်း)တို့မှာ ယခင်လက မျိုးဝယ်ယူမှုရှိ၍ ဈေးမြင့်သော်လည်း ယခုလပတ်တွင် လုပ်ငန်းသမားဝယ်ယူမှုသာ ရှိခြင်း၊ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းတို့ကြောင့် ဈေးမသိမသာနိမ့်နေကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံများအနေဖြင့် ငရုတ်ခြောက် (ရှည်) မှာ သာစည်၊ ပျော်ဘွယ်မှ အဝင် နည်းခြင်း၊ မန္တလေးဝန်းကျင် ကချင်ပြည်နယ်၊ မိုးကောင်းဘက်မှ အဝယ်ရှိခြင်းကြောင့် ဈေးမြင့် သွားကြောင်း သိရှိရပါသည်။ ကြက်သွန်နီ (ကြီး/ လတ်/ ငယ်) သုံးမျိုးလုံး မုံရွာ၊ မြင်းမူ၊ မြစ်သား) တို့မှ အဝင်များပြီး မြို့တွင်းသုံးမျှသာရှိ၍ ဈေးနိမ့်သွားပါသည်။ ဟင်းသီးဟင်းရွက်ဈေးနှုန်းအနေ ဖြင့် ခရမ်းချဉ် (ရှမ်းတောင်) မှာ အထွက်များ အဝင်များခြင်း၊ ရာသီဉတုအေးလာသဖြင့် မြို့တွင်း စားသုံးမှုနည်းခြင်း၊ အပင်ကျချိန် အရည်အသွေးညံ့သွားခြင်းတို့ကြောင့် ဈေးနိမ့်သွားကြောင်း သိရှိရပါသည်။ ငရုတ်စို (ရှည်) မှာ မုံရွာ၊ ချောင်းဦးမှ လည်းကောင်း၊ ငရုတ်စို (ပွ) မှာ စဉ့်ကိုင်၊ ပုလိပ်တို့မှ ဝင်ရောက်မှုများလာပြီး မြို့တွင်းသုံး ငပိထောင်း၊ လက်ဖက် လုပ်ငန်းသမားများသာ ဝယ်ယူမှုရှိခြင်းကြောင့် ဈေးနိမ့်သွားကြောင်း သိရှိရပါသည်။

သစ်သီးဝလံဈေးနှုန်းအနေဖြင့် သခွားမွှေး၊ ဖရဲသီးအစိမ်းကြားများ စတင်ဝင်ရောက် ခြင်း၊ စိုက်ခင်းတွင်း ဆင်းဝယ်ယူသော တရုတ်ဝယ်လက်နည်းသေးသဖြင့် ဈေးကွက်အတွင်း အရည်အသွေးကောင်းများ ဝင်ရောက်မှုရှိခြင်းတို့ကြောင့် ဈေးမြင့်နေကြောင်း သိရှိရပါသည်။ ပန်းသီး (တရုတ်) မှာ အိတ်လိုက် ဝင်ရောက်သော အကြွပ်သီးများ အဝင်များခြင်းကြောင့် အရောင်းအဝယ်ပုံမှန်ဖြင့် ဈေးတည်ငြိမ်နေကြောင်း သိရှိရပါသည်။

မူဆယ်ကားဂိတ်ကုန်စည်ပို့ဆောင်မှုအနေဖြင့် ချင်းရွှေဟော်ကားဂိတ်မှာ ၂၄-၁၁-၂၀၂၀ ထိ ပိတ်ထားပြီး မူဆယ် (၁၀၅) မိုင် ဂိတ်မှ ပဲတီစိမ်းနှင့် နှမ်းတင်သောကား တစ်နေ့လျှင် (၅၀) စီးခန့်ထွက်ရှိပြီး ကုန်စည်ပို့ဆောင်ခမှာ တစ်ပိဿာလျှင် ၆၅ ကျပ်ရှိကြောင်း၊  ဖရဲ၊ သခွားမွှေး တို့အား စိုက်ခင်းဆင်း ဝယ်ယူသော ကားပေါင်းမှာ ( မုံရွာ၊ မန္တလေး၊ ရန်ကုန်) စုစုပေါင်း (၇၀) စီး ခန့် ထွက်ရှိပြီး ကားတစ်စီးလျှင် ကျပ် ၇ သိန်းမှ ကျပ် ၈ သိန်းအထိ ပို့ဆောင်ခပေးရကြောင်း ကားဂိတ်မှ သိရှိရပါသည်။                                                                                                                                                                         (ဒေါ်ခင်မေကြည်၊ မန္တလေးဈေးကွက်တာဝန်ခံ)

Loading