ပြည်ပသတင်းများ

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership (RCEP) စာချုပ်သည် ပို့ကုန်အပေါ် အဓိကမှီခိုအားထားနေရသည့် ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးကို များစွာ အထောက်အကူပြုနိုင် လိမ့်မည်ဟု မျှော်မှန်းလျက်ရှိ

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီ ချက်ဖြစ်သော ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership (RCEP) စာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် မြောက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ ခေါင်းဆောင်များ၏ တွေ့ဆုံမှုအပြီး၌ အဖွဲ့ဝင် (၁၅) နိုင်ငံတို့၏ သက်ဆိုင်ရာ စီးပွားရေးဝန်ကြီး များက နိုင်ငံခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကိုရီးယား သမ္မတနိုင်ငံ၊ သမ္မတအိမ်ပြာတော်မှ သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်၍ RCEP သည် ပို့ကုန် အပေါ် အဓိကမှီခိုအားထားရလျက်ရှိသော တောင်ကိုရီးယားနိုင်ငံ၏ COVID-19 ကြောင့် ထိခိုက် ရသည့် စီးပွားရေးကို ပြန်လည်နာလန်ထူ၍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအထောက် အကူပြုနိုင်မည့်တွန်းအားပင်ဖြစ်ကြောင်း ပြည်တွင်းရှိ စီးပွားရေးရာကျွမ်းကျင်သူများက သုံးသပ် လျက်ရှိကြပါသည်။

ယခု လက်မှတ်ရေးထိုးပြီးသည့် ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership –RCEP)တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀) နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံစသည့် စုစုပေါင်း (၁၅) နိုင်ငံတို့ပါဝင်ကြကြောင်း၊ အဆိုပါနိုင်ငံများ၏ လူဦးရေ သည် ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်းရှိပြီး၊  ပြည်တွင်းထုတ်ကုန် တန်ဖိုးစုစုပေါင်း (Gross Domestic Product- GDP) သည်လည်း ကမ္ဘာ့ GDP တန်ဖိုးစုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းမျှရှိ ကြောင်း၊ နိုင်ငံများ၏ ကုန်သွယ်မှုသည် ကမ္ဘာ့စုစုပေါင်းကုန်သွယ်မှု၏ (၂၈) ရာခိုင်နှုန်းခန့်ပါဝင် ကြောင်း၊ ဤ RCEP စာချုပ်အရ ကုန်စည်တင်ပို့မှုများအပေါ် အကောက်ခွန်ပမာဏ တော်တော် များများကို လျှော့ချဖယ်ရှားပေးမည်ဖြစ်ကြောင်း၊ RCEP ဆိုင်ရာ ညှိနှိုင်းမှုများကို ၂၀၁၂ ခုနှစ်မှ စတင်‌၍ ဆောင်ရွက်ခဲ့ကြပြီး၊ ယခင်ကလက်ရှိ (၁၅) နိုင်ငံအပြင် အိန္ဒိယနိုင်ငံမှပါဝင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆွေးနွေးညှိနှိုင်းမှုများမှ အိန္ဒိယနိုင်ငံသည် နှုတ်ထွက်ခဲ့ကြောင်း သိရှိရပါသည်။

RCEP ၏ အဓိကအကျိုးကျေးဇူးများအနေဖြင့် စာချုပ်အာဏာ စတင်အသက်ဝင်သည့် အချိန်တွင် အဖွဲ့ဝင်နိုင်ငံများမှ ကုန်စည်လိုင်းအားလုံး၏ (၆၅) ရာခိုင်နှုန်း အကောက်ခွန် ကင်းလွတ် ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများသည် အထူး အခွင့်အရေးအနေဖြင့် (၃၀) ရာခိုင်နှုန်းကိုသာ အခွန်ကင်းလွတ်ခွင့်ပေးရမည်ဖြစ်ကြောင်း၊  ထို့ပြင် စာချုပ်အသက်ဝင်ပြီး (၁၀) နှစ်အကြာတွင် ကျန်အဖွဲ့ဝင်နိုင်ငံများက ကုန်စည်လိုင်း စုစုပေါင်း၏ (၈၀) ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် (၁၅) နှစ် အကြာတွင်မှ အခွန်ကင်းလွတ်ခွင့်ပြုရမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ကုန်သွယ်မှုပြုရာတွင် သက်ဆိုင်ရာကုန်စည်များသည် အခွန် ကင်းလွတ်ခွင့်ရရှိလာမည်ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုရိုးရှင်းလွယ်ကူသော လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူလျင်မြန်ချောမွေ့ လာစေမည်ဖြစ်ပါသည်။ ဆက်သွယ်‌ရေး၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာလုပ်ငန်း များအပါအဝင် ကဏ္ဍငယ်ပေါင်း (၅၀) ခန့်တို့တွင် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၌ နိုင်ငံခြားကုမ္ပဏီအနေဖြင့် လက်ရှိထက် ရှယ်ယာပိုင်ဆိုင်ခွင့် ပိုမိုရရှိလာနိုင် မည်ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ RCEP တွင် ဘုံသတ်မှတ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကြောင့် စီးပွားရေး လုပ်ငန်းများသည် ဒေသတွင်းလုပ်ငန်းများကို စတင်ချိတ်ဆက် ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ စေမည့်အပြင် E-Commerce၊ ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒ၊ မူပိုင်ခွင့်မှတ်ပုံတင်မှုစသည်တို့အား ပိုမိုလွယ်ကူချောမွေ့စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် လာအိုနိုင်ငံကဲ့သို့သော ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာပြီး လုပ်သားအင်အား ပေါများသည့် နိုင်ငံများသို့ ကျန် RCEP အဖွဲ့ဝင် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံ မှုများက ပိုမိုစီးဝင်လာနိုင်မည်ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော စက်မှုလုပ်ငန်းများဖြစ်သည့် မော်တော်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းများ၊ သံနှင့်သံမဏိထုတ်လုပ် မှုလုပ်ငန်းများကို RCEP မှ အထောက်အပံ့ကောင်းဖြစ်လာစေနိုင်ကြောင်း၊ ကုမ္ပဏီကြီးများအပြင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ Online Game ထုတ်လုပ်သူများနှင့် ရုပ်ရှင် ရိုက်ကူးသူများ၊ နည်းပညာကုမ္ပဏီများအတွက်လည်း ကမ္ဘာ့ဈေးကွက်သို့ ပိုမိုချဲ့ထွင်နိုင်မည့် အခွင့်အလမ်းပင်ဖြစ်ကြောင်း၊ ထို့ပြင် တောင်ကိုရီးယား၏ K-pop ယဉ်ကျေးမှုကို ပိုမိုနှစ်သက် လာစေရန် ဖျော်ဖြေမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအတားအဆီးများကို လျှော့ချနိုင်လျက်၊ မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများအတွက် ပိုမိုခိုင်မာ လာစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် အသေးစား/ အလတ်စားလုပ်ငန်းများအနေဖြင့် ကမ္ဘာ့ ဈေးကွက်၏ လိုလားချက်ကို ပြည့်မီစေရေး အချိန်မီအရည်အသွေးပြည့်ဝစေရန် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးရာကျွမ်းကျင်သူများကသုံးသပ်လျက် ရှိကြပါသည်။

ကုန်သွယ်မှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန်အတွက် အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်ရေးမိတ်ဖက်များအဖြစ် တိုးချဲ့ရန်သတ်မှတ်ထားသော တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်း၏ အုပ်ချုပ်ရေးလက်အောက်တွင် အဓိကစီးပွားရေးနှင့် သံတမန်ရေးလမ်းကြောင်းသစ်တစ်ခုဖြစ်သည့် တောင်ပိုင်းဆိုင်ရာမူဝါဒအသစ် (New Southern Policy) သည် ယခု အာဆီယံ (၁၀) နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် RCEP ကို အမှီပြု၍ ပိုမိုအားကောင်းလာစေမည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ နှင့်တောင်ကိုရီးယား-ဂျပန်ကုန်သွယ်ရေးရာ ပွတ်တိုက်မှုတို့ကြောင့်ပေါ်ပေါက်လာသည့် ကုန်သွယ်မှု ရေးရာ အဟန့်အတားမူဝါဒများကြောင့် တောင်ကိုရီးယားသည် ကုန်သွယ်ရေးရာ အတားအဆီး များကို လျှော့ချရန်အားထုတ်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တောင်ကိုရီးယား နိုင်ငံအတွက် ယခု RCEP သည် လွန်စွာပင်အရေးပါကြောင်း၊ သို့ရာတွင် ကိုရီးယားသမ္မတနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးရာယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာနိုင်ခြင်း အပါအဝင် ကြိုတင်မမျှော်မှန်းထားနိုင်သော စိန်ခေါ်မှုများ ကြုံတွေ့လာနိုင်ခြင်းကိုလည်း တောင်ကိုရီးယားနိုင်ငံအနေဖြင့် သတိပြုရမည်ဖြစ်ကြောင်း စီးပွားရေးရာကျွမ်းကျင်သူများက သုံးသပ်လျက် ရှိကြပါသည်။

သို့ပါ၍ ပို့ကုန်အပေါ်တွင် အဓိကမှီခိုအားထားရသည့် ကိုရီးယားသမ္မတနိုင်ငံအတွက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership (RCEP) စာချုပ်သည်နိုင်ငံ၏ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို များစွာအထောက် အကူပြုနိုင်လိမ့်မည်ဟု ကိုရီးယားသမ္မတနိုင်ငံမှ မျှော်မှန်းထားရှိမှုအခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

(ကိုးကား – The Korea Times၊ Yonhap News၊ www.aseanbriefing.com )

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Loading