ပြည်ပသတင်းများ

ယူရိုဇုန်၏ စီးပွားရေးသည် ကိန်းဂဏန်း(၂) လုံးဖြင့်ကျဆင်း နိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေခြင်း

ဥရောပတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒုတိယလှိုင်း အနေဖြင့် ကူးစက်မှုများ ပြန်လည်မြင့်တက် လာခြင်းနှင့် ကပ်ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်အစီအမံများ ပြန်လည်ချမှတ်ခဲ့ရခြင်းတို့ကြောင့် ယူရိုဇုန်အုပ်စု၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအပေါ် သိသာ သော သက်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စီးပွားရေး ပြန်လည် နိုးထနိုင်မှုသည် ရပ်တန့်နေခဲ့ပြီး၊ ကိန်းဂဏန်း (၂) လုံးဖြင့် စီးပွားရေးကျဆင်းမှုဆီသို့ ဦးတည် နေသည့်အခြေအနေရှိကြောင်း IHS Markit ၏ စစ်တမ်းအရ သိရသည်။ ယူရိုဇုန်၏ အကြီးဆုံး စီးပွားရေးများဖြစ်သည့် ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် အသွားအလာကန့်သတ်မှုအစီအမံ များ (lockdown measures) ပြန်လည်ချမှတ်ခဲ့ရသဖြင့် စားသောက်ဆိုင်များ၊ အားကစားရုံများ နှင့် ဈေးဆိုင်များအား ပိတ်ထားရပြီး၊ ပြည်သူများအနေဖြင့် stay at home နေထိုင်နေကြရသည်။

ယူရိုဇုန်၏ စီးပွားရေးသည် ပြီးခဲ့သည့် တတိယသုံးလပတ်တွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြင့် ကျုံ့ဝင်ခဲ့သော်လည်း အသွားအလာကန့်သတ်ချက်အများစုကို ပြန်လည်ဖြေလျှော့ခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအထိ ကာလတွင်မူ ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြင့် မျှော်မှန်းထားသည် ထက် ပိုမို၍ စီးပွားရေးကောင်းမွန်ခဲ့ကြောင်း ယူရိုဇုန်၏ တရားဝင်စာရင်းဇယားများအရ သိရ သည်။ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကြောင့် စားသုံးသူနှင့် အဓိကထိတွေ့လုပ်ကိုင် ရသည့် ဧည့်ဝန်ဆောင်မှုကဏ္ဍ၌ အားနည်းလာခြင်းနှင့်အတူ ဝန်ဆောင်မှုလုပ်ငန်းများတွင်  အထူးသဖြင့် ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ယူရိုဇုန်၏စီးပွားရေး ဆက်လက်ကျဆင်း နေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဥရောပဗဟိုဘဏ်အနေဖြင့် စီးပွားရေးလှုံ့ဆော်မှုများကို ဆောင်ရွက်ထားပြီး၊ လာမည့်ဒီဇင်ဘာလတွင်လည်း စီးပွားရေးပြန်လည် နိုးထနိုင်ရေးဆောင်ရွက် ချက်များကို ထပ်မံပြုလုပ်သွားမည်ဟု ကတိကဝတ်ပြုထားကြောင်း သိရသည်။

ရင်းမြစ် –  (Reuters)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading