ပြည်တွင်းသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ (၆) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးသို့ တက်ရောက်

(၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာလ (၂၁)ရက်နေ့၊ ညနေပိုင်းတွင် Virtual Meeting အဖြစ် ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊သစ်တောနှင့်ရေလုပ်ငန်း ဝန်ကြီး ဌာန ဝန်ကြီး H.E. Veng Sakhon က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

(၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး တွင် COVID-19 ကပ်ရောဂါကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးတို့အတွက် တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီ ယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံအလိုက် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံများ အနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် အစားအစာ ကပ်ဆိုက် သော အခြေအနေကို ရှောင်ရှားနိုင်ရန် အတွက် ဒေသဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ကျန်းမာရေးဆိုင်ရာကပ်ဘေး မှ အစားအစာဆိုင်ရာကပ်ဘေး သို့ ရောက်ရှိမည့်အရေးကို အထူးဂရုပြုရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ အာဆီယံအိန္ဒိယပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များ၊၂၀၂၁-၂၀၂၅ ခုနှစ်အတွက် အသစ်ထပ်မံရေးဆွဲထားသော စိုက်ပျိုးရေး၊ သစ်တောဆိုင်ရာ ကာလလတ်လုပ်ငန်းစဉ်များအား မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင် (၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အကြိုညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ် ချက်အရ အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြန်လည် ပြင်ဆင် ၍ အဆိုပါလုပ်ငန်း အဖွဲ့အစည်းအဝေးကို တစ်နှစ် လျှင် တစ်ကြိမ်ကျင်းပမည်ဖြစ်ပြီး ဝန်ကြီး အဆင့် အစည်းအဝေးကို(၂)နှစ်လျင် တစ်ကြိမ် ကျင်းပရန် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

(၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ၏ ပူးတွဲကြေညာချက်အပေါ် အစည်းအဝေး က အတည်ပြု ခဲ့ပြီး နောက်တစ်ကြိမ် ကျင်းပမည့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး ကို ၂၀၂၂ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Source: AGRI DIGIT NEWS

Loading