ပြည်တွင်းသတင်းများ

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည့်သတင်း

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၉:၀၀) နာရီတွင် ရုံးအမှတ် (၁၅)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ Online အခမ်းအနားပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်(စိုက်/ဆည်ကဏ္ဍ) နှင့် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ/ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ဌာနေ ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံး များနှင့် မိတ်ဖက်အဖွဲအစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်မှု စီမံကြီး ကြပ်ရေးအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၁၇၅) ဦးတို့ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနား မိန့်ခွန်းပြောကြားရာ၌ မိမိတို့ FAO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လယ်ယာကဏ္ဍ ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကို ထင်ထင်ရှားရှား ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း တစ်ဖက်တွင် ငတ်မွတ်ခေါင်းပါးမှု၊ အဝလွန်မှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှု၊ စားနပ်ရိက္ခာ လေလွင့်ဆုံးရှုံးမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကွင်းဆက်အတွင်းက လုပ်သားများရဲ့ ဘဝလုံခြုံရေး အားနည်းမှု၊ COVID-19 ကပ်ရောဂါကြောင့် အစားအစာ ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်မှု၊  အစားအစာစနစ် (Food System) အပေါ် ဆိုးကျိုး သက်ရောက်စေမှုများ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ နှစ်စဉ်လိုလို သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီး၊ မိုးခေါင်၊ မြေပြို၊ ပိုးမွှားကျရောက်မှုများကို ရင်ဆိုင် ဖြေရှင်းနေရသည့် အခြေအနေမှ ယခုနှစ်တွင် ကမ္ဘာ့လူသားများ၏ အသက်ကိုပါ ခြိမ်းခြောက် အန္တရာယ်ပြုလာသည့် COVID-19 ကပ်ရောဂါဆိုးကြီးကိုလည်း နိုင်ငံတိုင်း ရင်ဆိုင်တွန်းလှန်နေကြ ရကြောင်း၊ ယခုလို အကြပ်အတည်းများစွာ ရင်ဆိုင်နေကြရသည့်ကာလမှာ မိမိတို့၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် ငတ်မွတ်မှုနှင့် အာဟာရမပြည့်ဝမှု ကင်းစင်ရေးပန်းတိုင်မှ သွေဖီမသွားအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း၊ နောင်တိုးပွားလာမည့် ကမ္ဘာ့လူဦးရေအတွက်၊ ကမ္ဘာမြေကြီး  ရေရှည် တည်တံ့ သာယာဝပြောဖို့အတွက် မိမိတို့အပါအဝင် ကမ္ဘာသူကမ္ဘာသားများအားလုံး အတူတကွ လက်တွဲပြီး အာဟာရပြည့်ဝသည့် သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်ရေး ကြိုးပမ်းကြခြင်းအားဖြင့် တည်တံ့ခိုင်မာသည့် အစားအစာစနစ်ကို ထူထောင်ကြဖို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည့် အားလျော်စွာ ပြည်သူများ၏ နေ့စဉ်စားရေးအတွက် အာဟာရ ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ဖို့ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာ၊ နှစ်တိုနှစ်ရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး သုံးရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ FAO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုနှစ်အတွက်သတ်မှတ်ထုတ်ပြန်ထားသည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ် ဖြစ်သည့် “အာဟာရတိုး၊ လူ့အကျိုးကို၊ ဖွံ့ဖြိုးစေရန်၊ တို့ရည်သန်၍၊ ဧကန် ဖွင့်လှစ်၊ ကမ္ဘာသစ်” (“Grow, nourish, sustain. Together. Our actions are our future.”) နှင့်အညီ မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများသည် ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူ များအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ လုံလောက်ပိုလျှံစွာ စားသုံးနိုင်ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ မျှဝေနိုင်ခြင်း အကျိုးတရားများကြောင့် စည်ပင်သာယာ ဝပြောသည့် အနာဂတ် ကမ္ဘာကြီးအဖြစ် တည်ဆောက်မှုကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်မည်ဟု အလေးအနက်ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဆောင်ပုဒ်အတိုင်း အာဟာရပြည့်ဝသည့် သီးနှံမျိုးစုံမျိုးကွဲများ စိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာကြီး ရေရှည်တည်တံ့ သာယာဝ ပြောစည်ပင်လာအောင် လက်တွဲကြိုးပမ်းကြပါစို့ဟု တိုက်တွန်းဆန္ဒပြုပါကြောင်း စသည်ဖြင့် ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan က ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အစီအစဉ်အရ FAO ၏ ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်ဗီဒီယိုကိုပြသခဲ့ပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်(AAPDRR) စာအုပ်အား တရားဝင်မိတ်ဆက်ခြင်း အစီ အစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စားလှယ်က ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး FAO-Emergency and Rehabilitation Coordinator ဖြစ်သူ Mr. Reda Lebtahi က လုပ်ငန်း စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အဆိုပါလုပ်ငန်းစီမံချက် (AAPDRR) စာအုပ်အား တရားဝင် မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၉:၄၅) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနေ့နှင့် FAO ၏ (၇၅) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားများ ကျင်းပသည့် ယနေ့တွင် တစ်ဆက်စပ်တည်းအဖြစ် FAO Asia-Pacific Regional Dialogue on Joint Action for COVID-19 Response and Recovery ကို Virtual mode ဖြင့် နေ့လယ် (၁၂:၃၀) နာရီမှ (၃:၀၀) နာရီအချိန်အထိ FAO Regional Office (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့) မှကြီးမှူး ကျင်းပ ခဲ့ရာ FAO Regional Office မှ ဖိတ်ကြားချက်အရ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက Panelist အဖြစ်ပါဝင်တက်ရောက်၍ COVID-19 ကြောင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ထိခိုက်မှုများ၊ ထိခိုက်လွယ်ပြည်သူလူထုများအတွက် စားနပ်ရိက္ခာလက်လှမ်းမှီစေရေးအစီအမံများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်မှုခံနိုင်ရည် ရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးအစီအမံများနှင့်စပ်လျဉ်း၍ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် လျက်ရှိသော မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် မူဝါဒများ၊ FAO ၊ WFP နှင့် အခြားမိတ်ဖက် အဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ပေးသည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် COVID-19 ၏ထိခိုက်သက်ရောက်မှု Assessment များ၊ အကြံပြုချက်များ၊ နိုင်ငံတော်မှဆောင်ရွက်လျက် ရှိသည့် COVID-19 ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက် (CERP) ပါ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ၎င်းလုပ်ငန်းများကို FAO အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံ၏ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတို့တွင် ခိုင်မာရှည်ကြာစွာ ပူးပေါင်း ဆောင် ရွက်ပံ့ပိုးပေးလျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် FAO ၏ ဆောင်ရွက်ဆဲနည်းပညာ အကူအညီပေးစီမံကိန်းများနှင့် စီမံကိန်းအသစ်များတွင် COVID-19 ထိခိုက်မှုအတွက် တုန့်ပြန်ရေး အစီအစဉ်များထည့်သွင်း ဆောင်ရွက်ထားမှုများကို ဆွေးနွေးခဲ့ပါသည်။

Loading