ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် ရောင်းဝယ်မှုအခြေအနေ

မြန်မာနိုင်ငံဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ၇-၁၀ -၂၀၂၀ ရက်နေ့ထုတ်ပြန်သော ဆန် အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်း(အသစ်)တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၅,၅၀၀ ကျပ်မှ ၃၈,၀၀၀ကျပ်၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (အသစ်) တစ်တင်းခွဲအိတ် တစ်အိတ် လျှင် ၃၈,၅၀၀ ကျပ်မှ ၄၁,၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၂၅,၈၀၀ ကျပ်မှ ၂၆,၅၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ၂၄,၅၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၁၉,၅၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသဖြင့် ယခင်တစ်ပတ် (၃၀-၉-၂၀၂၀)ရက်နေ့ ဈေးနှုန်း များ အတိုင်းပြောင်းလဲမှုမရှိသော်လည်း ပေါ်ကျွဲတစ်အိတ်လျှင် ၃၂,၅၀၀ ကျပ်မှ ၃၄,၀၀၀ ကျပ် ဖြစ်သောကြောင့် ယခင်တစ်ပတ် (၃၀-၉-၂၀၂၀) ရက်နေ့ ဈေးနှုန်းထက် ဆန်တစ်အိတ်လျှင် ၁,၀၀၀ ကျပ်ခန့်ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်အသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက် ရှိပြီး ၇-၁၀-၂၀၂၀ ရက်နေ့ ဈေးနှုန်းအရ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၅၀,၀၀၀ ကျပ်မှ ၅၈,၅၀၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ယခင်သီတင်းပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်မှုအရ ဈေးပြောင်းလဲမှုမရှိသော်လည်း ယခု လက်ရှိအချိန်သည် ဒေသအနှံ့အပြားတွင် မိုးစပါးစိုက်ပျိုးချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဆန် ဟောင်းလက်ကျန် နည်းလာချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ကိုဗစ်ဒုတိယလှိုင်းကြောင့် ပြည်တွင်း ဝယ်လိုအား ပြန်လည်မြင့်တက်လာခြင်းကြောင့်လည်းကောင်း စက်တင်ဘာလဆန်းပိုင်းရက် များမှစ၍ ဆန်ဈေးနှုန်းများ မြင့်တက်လာသည်ကိုတွေ့ရသည်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာ လကုန် (သို့) နိုဝင်ဘာလဆန်းပိုင်းရက်များမှစ၍ ဒေသအချို့တွင် မိုးစပါးသစ်/ ဆန်သစ် အနည်းငယ် ဈေးကွက်သို့ စတင်ဝင်ရောက်ချိန်ဖြစ်သော်လည်း ဆန်သစ်ပေါ်ကာစအချိန်တွင် အစိုဓာတ်ပါဝင်မှုရှိနေသေးခြင်းကြောင့် စားသုံးသူကြိုက်နှစ်သက်မှုနည်းပြီး ဝယ်လိုအားနည်း၍ ဈေးနှုန်းကျဆင်းမှုရှိခြင်း၊ ပြည်ပတင်ပို့သူအချို့ကသာ ဆန်သစ်ဝယ်ယူမှုရှိခြင်း၊ ဆန်ဟောင်း လက်ကျန်အလွန် နည်းလာချိန်ဖြစ်ခြင်းတို့ကြောင့် ဆန်ဈေးနှုန်းများမြင့်တက်လေ့ရှိရခြင်းဖြစ် ကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့မှ ဆန်ကုန်သည်များသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ် များမှ ဒေသခံစပါးကုန်သည်/ ဆန်ကုန်သည်များနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်သွားရောက် ဝယ်ယူမှုရှိခြင်း၊ ကုန်သည်များ၊ တောင်သူများအနေဖြင့်လည်းနောက်လများတွင် စပါးအသစ် ပေါ်မည်ဖြစ်ခြင်းနှင့် လက်ရှိအခြေအနေတွင် ဈေးအနည်းငယ်မြင့်တက်နေခြင်းတို့ကြောင့် ဆက်လက် သိုလှောင်ထားလိုခြင်းမရှိတော့ပဲ လက်ကျန်မချန် အကုန်ရောင်းထုတ်ပစ်ကြကြောင်းလည်း သိရှိရသည်။ ရန်ကုန်ဈေးကွက်သို့ မြို့နယ်အသီးသီး (ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ မြောင်းမြ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်းနှင့် ရွှေဘိုခရိုင် အတွင်းရှိမြို့နယ်များ) မှ ဆန်မျိုးစုံနေ့စဉ်ဆန်အိတ်ပေါင်း (၄၀၀၀၀)ဝန်းကျင်ခန့် ဝင်ရောက်မှု ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ စိုက်ပျိုးထွက်ရှိသော ရွှေဘို ပေါ်ဆန်းဆန်များဝင်ရောက်မှုရှိသည်။

ပဲဈေးနှုန်းအနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံတွင် ပဲစင်းငုံ/ မတ်ပဲ/ ကုလားပဲ/ ပဲတီစိမ်းများ ဈေးကွက် ပျက်၍ တောင်သူများ အခက်ကြုံခဲ့ကြရပြီး ယခုအခါ အိန္ဒိယအစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်အထိ ခြောက်လအတွင်းမတ်ပဲတန်ချိန် ၁၅၀,၀၀၀ တင်သွင်းခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ မတ်ပဲ တင်သွင်းခွင့်သတင်းကြောင့် မတ်ပဲဈေးနှုန်း ပြန်တက်လာပြီး ကုန်သည်များ လက်ထဲတွင်လည်း အိန္ဒိယမှ တင်သွင်းခွင့်ပြုပေးထားသော တန်ချိန်အတိုင်းအတာအထိ လက်ကျန်မရှိတော့ခြင်း၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အောက်တိုဘာလ မိုးစပါးရိတ်သိမ်းပြီးချိန် မတ်ပဲ/ ပဲတီစိမ်းကို စိုက်ပျိုးလေ့ရှိကြခြင်းတို့ကြောင့် တောင်သူများအနေဖြင့် မတ်ပဲကို စောစော စိုက်ပျိုးပြီး စောစောရိတ်သိမ်းနိုင်မှသာ အိန္ဒိယအစိုးရမှ သတ်မှတ်ထားသည့် တင်သွင်းခွင့်ကာလ အတွင်း ရောင်းချနိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များများ ရရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် Covid-19 ဒုတိယလှိုင်းကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပွဲရုံအများစု ပိတ်ထားသော်လည်း ကုန်သည်များအနေဖြင့် vibergroup ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခင်သီတင်းပတ် (၃၀-၉-၂၀၂၀) တွင် မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ၁,၀၇၂,၅၀၀ကျပ် ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် (၇-၁၀-၂၀၂၀ ) ဈေးနှုန်းအရ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ၁,၁၆၅,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီမှာ အောက်တိုဘာလတွင် ကြက်သွန်နီ အဟောင်းနည်းလာချိန်ဖြစ်ခြင်း၊ ဈေးကွက်အတွင်း သီးနှံအသစ်ဝင်ရောက်ရန် အချိန်လိုသေးခြင်း၊ သီးနှံအဟောင်းအသစ် စပ်ကူးမတ်ကူးကာလဖြစ်ခြင်းတို့ကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ဈေးမြင့်တက်လေ့ရှိခြင်းကြောင့်လည်းကောင်း၊ Covid-19 ကာလအတွင်း အသွားအလာ ကန့်သတ်ချက်များရှိခြင်းတို့ကြောင့်လည်းကောင်းယခင်တစ်ပတ် ဈေးနှုန်းအရကြက်သွန်နီ(ကြီး/ လတ်/သေး) တစ်ပိဿာလျှင် ၉၅၀-၉၅၀-၆၀၀ ကျပ်မှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၁၁၅၀-၁၁၀၀-၈၀၀ ကျပ်သို့ ဈေးမြင့်တက်ခဲ့သည်။ အခြားစားဖိုဆောင်သီးနှံများ(ငရုတ်/ အာလူး/ ကြက်သွန်ဖြူ)အနေဖြင့် သီးနှံအသစ်အဟောင်းကာလချိန် မဟုတ်ခြင်းကြောင့်လည်းကောင်း၊ Stay Home ကာလဖြစ်ခြင်းတို့ကြောင့် ပွဲရုံများတွင် အရောင်းအဝယ်ပါးခြင်းကြောင့်လည်းကောင်း၊ သိုလှောင်သီးနှံ လက်ကျန်များ ရှိနေသေးခြင်းတို့ကြောင့်လည်းကောင်း၊ သိသာစွာ ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံလက်ကားဈေးကြီးဖြစ်သော သီရိမင်္ဂလာဈေးတွင် Covid-19 positive လူနာများ စစ်ဆေးတွေ့ရှိခြင်းကြောင့် ဆိုင်ခန်းများစွာ ပိတ်ထားခြင်း ကြောင့်လည်းကောင်း၊ အသွားအလာကန့်သတ်မှုများရှိခြင်းကြောင့် သီးနှံဝင်ရောက်မှု အလွန် နည်းခြင်းကြောင့်လည်းကောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ဂေါ်ရခါးသီးစသည့်သီးနှံများမှာ ယခုတစ်ပတ်အတွင်းဈေးမြင့်ခဲ့သည်။ မြို့နယ်အသီးသီးရှိလက်လီဈေးများမှ သီရိမင်္ဂလာဈေးသို့ သွားရောက်ဝယ်ယူခြင်း နည်းသွားခြင်းကြောင့်လည်းကောင်း၊  အချို့သော ဟင်းသီးဟင်းရွက် သစ်သီးဝလံများမှာ တာရှည်အထားမခံခြင်းကြောင့်လည်းကောင်း၊ သီရိမင်္ဂလာဈေးတွင် သီးနှံ များ အရည်အသွေးညံ့လာသဖြင့် ပုံမှန်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

(ဒေါ်ဖြူမာချို၊ ရန်ကုန်ဈေးကွက်တာဝန်ခံ)

Loading